Passionate reader, Coffee enthusiast, and Communicator. Stand up for democracy, humanity, and equality.
Friday, December 20, 2024
မှတ်တမ်းရုပ်ရှင် "Hesed"
Friday, November 15, 2024
အမေရိကန်ရွေးကောက်ပွဲလုပ်အားပေး နောက်ဆက်တွဲ
လုပ်အားသွားပေးတဲ့ ဝမ်ဒါတို့ ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်းတွေတစ်ယောက်မှ ရွေးကောက်ပွဲမနိုင်ပါဘူး။ မနိုင်မယ့်အပြင် အိုဟိုင်းယိုးပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်အမတ်တစ်ယောက်က သူမူလနေရာကိုထပ်ဝင်အရွေးခံတာမှာတောင် ထရမ့်ပါတီကအမတ်လောင်းက နိုင်သွားလို့ (အဲ့လို ပထမရွေးကောက်ပွဲမှာနိုင်ထားတဲ့နေရာကို ပြန်အရှုံးပေးလိုက်ရတာ ပြည်နယ်၄ခုလောက်မှာဖြစ်လို့) ထရမ့်ပါတီက အထက်လွှတ်တော်မှာ အမတ်အများစုနဲ့ထိန်းချုပ်ခွင့်ရသွားပါတယ်။ အောက်လွှတ်တော်လည်း ထိုနည်းတူပါပဲ။
လောလောဆယ်တော့ ဒီမိုကရက်ပါတီက သမ္မတလောင်းလည်းရှုံး၊ ပါတီကလည်း အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ လူနည်းစုနေရာကနေပဲ နေရမှာမို့ ပါတီတွင်းမှာလည်း သူ့ကြောင့်ငါကြောင့် လက်ညှိုးထိုးအပြစ်ဖို့နေကြတာပေါ့လေ။ မဲပေးတဲ့အချက်အလက်ဒေတာတွေကိုကြည့်ရင်လည်း ဒီမိုကရက်တွေကြီးစိုးပြီး အမြဲအနိုင်ရဖို့သေချာတဲ့ နျူးယောက်ခ်လိုပြည်နယ်မှာတောင် ဒီမိုကရက်ပါတီကို မဲပေးတဲ့နှုန်းကျတာမျိုးတွေလည်း ဖြစ်နေတာကို ထောက်ပြကြပါတယ်။ တချို့မဲဆန္ဒရှင်တွေကလည်း သမ္မတနေရာကိုတော့ ဒေါ်နယ်လ်ထရမ့်ကိုမဲပေးပြီး အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ဒေသန္တရနေရာတွေမှာတော့ ဒီမိုကရက်တွေကိုပဲ ပေးတာမျိုးတွေလည်း ရှိတာကို မဲရုံပြင်ပစစ်တမ်းတွေက ထောက်ပြပါတယ် (သူတို့ မဲပေးတဲ့ပုံစံက ကျနော်တို့ဆီမှာလို တိုင်းဒေသကြီး/ပြည်နယ် အတွက် တစ်ခါ၊ ပြည်သူ့လွှတ်တော်အတွက် တစ်ခါ၊ အမျိုးသားလွှတ်တော်အတွက် တစ်ခါ ဝင်လိုက်ထွက်လိုက် မဲပေးရတာမဟုတ်ပါဘူး။ ပြည်နယ်အလိုက် နေရာလစ်လပ်တဲ့ ကိုယ်စားလှယ်လောင်းတွေ တစ်ခုချင်း တန်းစီးရေးထားသလို၊ ပြည်နယ်အလိုက် မဲခွဲဆုံးဖြတ်ဖို့ရှိတဲ့ အရေးကိစ္စတွေ ဥပမာ- ကိုယ်ဝန်ဖျက်ချခွင့်ကစလို့ စာကြည့်တိုက်ရန်ပုံငွေတိုးဖို့ကိစ္စတွေအထိ ထည့်ထားတဲ့ စာရွက်ရှည်ကြီးမှာ တခါတည်း မဲပေးရတာပါ)။
ရွေးကောက်ပွဲညနေမှာ ဝမ်ဒါကို ခြေနေကောင်းပါစေ၊ နိုင်ပါစေဆိုပြီး ဆုတောင်းပေးတဲ့ မက်ဆေ့ပို့လိုက်ပါသေးတယ်။ မဲရုံတွေပိတ်ပြီးချိန်တော့ သူတို့ မြို့လယ်က ဘားမှာ မဲရေတွက်တာစောင့်ကြည့်ကြမှာမို့လာခဲ့လေလို့ ခေါ်ပေမယ့် ကျောင်းမှာကြည့်နေကြတာမို့ မသွားဖြစ်တော့ပါဘူး။ မသွားလိုက်တာပဲ ခပ်ကောင်းကောင်း။ ဘောလုံးပွဲကစလို့ ရွေးကောက်ပွဲအထိ ကိုယ်အားပေးတဲ့ဖက်ကချည်း ရှူံးတာများ၊ ရှုံးတတ်လို့ နောက်ဆို သူများရွေးကောက်ပွဲ စိတ်ရောကိုယ်ပါ လိုက်ကြည့်၊ ခံစားတာ မလုပ်မှလို့ ကိုယ့်ဘာသာ ဆုံးမထားပါတယ်။ (ကိုယ်မဲထည့်၊ ကိုယ်အားပေးတာ နိုင်တဲ့ ကိုယ့်နိုင်ငံရွေးကောက်ပွဲကြတော့လည်း လုယူတာခံရ)။
ဘာပဲဖြစ်ဖြစ် ဒီနွေမှာ လုပ်အားပေး သုံးခါသွားလိုက်ရတာ အမြတ်ပါပဲ။ ပုံကတော့ ပါးမှာ ပိုးဝင်ပြီးအနာပေါက်၊ ဖျားပြီးစဖြစ်နေတာတောင် စာ အားတုန်းလေးသွားအုံးမှဆိုပြီး အပြာမှအပြာ ဒီမိုကရက်ဆိုပြီး တက်ကြွတဲ့ကြက်ဖဖြစ်နေတုန်းကပုံ။
Sunday, October 13, 2024
မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့
တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ ခွဲခြားဆက်ဆံခံနိုင်ရခြေရှိတဲ့ ပုံစံနည်းလမ်းမျိုးစုံကိုလည်း စာလိုက်ဖတ်ထား၊ စိတ်ကူးထဲ ပုံဖော်ပြီး ရင်ဆိုင်ထားဖူးပါတယ်။ မောင်ကျောင်းသားက အာရှသား၊ ရုပ်ရည်ကလည်း တရုတ်ပုံပိုထွက်တဲ့အပြင် ရှေးရိုးစွဲလူဖြူများတဲ့ပြည်နယ်ကကျောင်းကိုသွားရမှာမို့ ဒီကိစ္စကို စိတ်ထဲ တော်တော်ထည့်၊ ကြိုတွေးထားမိပါတယ်။ ဒါပေမယ့် ကျောင်းရောက်ပြီး ပြီးချင်း နှစ်လကျော်မှာ ၁၀ရက်လောက်ပဲခြားပြီး စိတ်နှလုံးမသိမ်မွေ့စရာ ဒီကိစ္စကို ၂ခါကြုံရမယ်ဆိုတာတော့ ကြိုတွေးထားမိတဲ့အထဲ မပါပါဘူး။
ဖြစ်ပုံက ပြီးခဲ့တဲ့ တစ်လလောက်က မောင်ကျောင်းသားရဲ့အတန်းဖော်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တဲ့ သူငယ်ချင်းက အိမ်စာတွေလည်းပြီးသွားတဲ့ သောကြာညနေမှာ ဘားသွားထိုင်ကြမယ်ဆိုတာကနေ စတာပါပဲ။ ကိုယ်တိုင်ကလည်း အခန်းထဲကုတ်နေမိတာတစ်ကြောင်း၊ သူကို ခဏခဏ ငြင်းမိနေတာတစ်ကြောင်း၊ စိတ်လိုလက်ရလည်း ရှိနေတုန်း အပြင်ထွက်ကြတယ်ပေါ့။ ထွက်တော့လည်း ပျော်စရာ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ကာဖျူးနဲ့ချိန်ဆသွားလာတဲ့အကျင့် မပျောက်သေးတဲ့မောင်ကျောင်းသားက ည ၈နာရီခွဲ၊ ၉နာရီဆို အပြင်ထွက်လေ့ရှိသူမဟုတ်လို့ နေ့ဖက် ကျောင်းသွားကျောင်းပြန်ဖြတ်သွားနေကြ ‘တရားရုံး’ လမ်းတစ်လျှောက်က ဘားတွေဟာ အထဲဝင်ဖို့ လူတန်းရှည်တွေ တန်းစီရတဲ့အထိ စည်ကားတယ်ဆိုတာ အဲ့ညမှ သိလိုက်ရပါတယ်။ အများစုက ဘွဲ့ကြိုတန်းက ပျော်တတ်ကြသူ ၁၈-၂၀ကျော် လူဖြူကျောင်းသား/သူလေးတွေပါ။
မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ပွဲစျေးလျှောက်သလို လိုက်ကြည့်ပြီးမှ အဆင်ပြေမယ်ထင်တဲ့တစ်ဆိုင်ကို ဖုန်းထဲက ID ပြပြီး ဝင်လိုက်ပါတယ်။ ဆိုင်ထဲမှာ ထိုင်စရာနေရာလွတ်မရှိ လူအပြည့်မို့ ဘေးအဖီလိုဆွဲထားတဲ့နေရာက မတ်တပ်ရပ်သောက်လို့ရတဲ့နေရာမှာ တစ်နေရာဦးထားပြီး သူငယ်ချင်းက ဘားကောင်တာမှာ သောက်စရာ ၂ယောက်စာ သူသွားမှာပြီး သောက်ကြစကားပြောကြပေါ့။ ၂ခွက်မြောက်လောက်မှာ စကားပြောရင်းအားပါပြီး ပြာယာခတ်သူမောင်ကျောင်းသားက သူငယ်ချင်းရဲ့ဘီယာအပြည့်နီးပါးရှိနေသေးတဲ့ခွက်ကို တိုက်ချမိလိုက်တာ မှောက်ကုန်ပါလေရော။ အားနာတာနဲ့ ငါ တစ်ခွက်ထပ်ဝယ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်သွားမှာချိန်မှာ ဘားကောင်တာမှာ ဝန်ဆောင်မှုပေးတဲ့သူ လူဖြူအမျိုးသမီး ၂ယောက်ရှိပါတယ်။ ကောင်တာအပြည့်နီးပါး တန်းစီစနစ်နဲ့မဟုတ်ပဲ အဆင်ပြေသလို မှာနေတဲ့ လူတွေကို သူတို့လည်း အဆင်ပြေသလို ထည့်ပေးနေတာပါ။ မောင်ကျောင်းသားလည်း ဘားတစ်ဖက်ခြမ်းကအစွန်းမှာ ခဏစောင့်ပြီး တစ်ယောက်က ကိုယ့်ဘက်လာတဲ့အချိန်
“ငါ ဘီယာထပ်မှာချင်လို့ပါ” လို့ပြောတာမှာ “နင် ၆ စက္ကန့်လောက်စောင့်မှရမယ်၊ ရေသောက်ချင်တာဆိုရင်တော့ ဘားဟိုဖက်ခြမ်းမှာ ကိုယ့်ဘာကိုယ်သွားယူ”
လို့ပြောပြီး ချာခနဲလှည့်ထွက်သွားပါတယ်။ မောင်ကျောင်းသားဘေးမှာ မှာဖို့ရပ်စောင့်နေတဲ့ လူဖြူကျောင်းသားလေးကတောင် မျက်လုံးပင့်ပြီး “သူ့စကားက တစ်မျိုးပဲ” လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်။ အဲ့အချိန် စိတ်အနှောက်အယှက်ကတော့ စ ဖြစ်ချင်နေပေမယ့် သေချာဖို့ လိုတယ်လေ။ ဒါနဲ့ပဲ သူ ကိုယ့်ဖက်ပြန်လာတဲ့အချိန်ထိစောင့်ပြီး
“ခဏလေး... ငါ ဘီယာမှာမယ်ပြောတာ၊ နင်ကို ရေလိုချင်တယ်ပြောနေတာမဟုတ်ဘူး။ ငါ ခု ဘီယာမှာမယ်” လို့ထပ်ပြောတော့ “နင် တန်းမှ မစီနေတာ” တဲ့။ ဒါနဲ့ပဲ “ဘယ်သူမှ တန်းစီနေတာ ငါမမြင်ဘူး၊ နင်ပြောတဲ့ တန်းစီရမယ့်လိုင်းက ဘယ်မှာလဲ ငါ့ကိုပြ” လို့ ထပ်ပြောတော့မှ “မသိဘူး”
ဆိုပြီး လှည့်ထွက်သွားပြန်ပါတယ်။ အဲ့အချိန်မှာတော့ မောင်ကျောင်းသားရဲ့ဒေါသက တိုင်းလို့သာရရင် ရှိတဲ့အရပ်ထပ်တောင် ကျော်နေပါဘီ။ ဒါနဲ့ပဲ သူ လှည့်ထွက်သွားတဲ့ ဘား နောက်တစ်ဖက်ခြမ်းအထိ ဆက်လိုက်သွားပြီး “ငါ ဘီယာမှာနေတာ၊ ငါ့ကို ဘီယာထည့်ပေး” လို့ ၃ ခါလောက် ခပ်မာမာလေသံနဲ့အသံကိုမြှင့်ပြောတော့ ဘေးက လူတချို့ကလည်း ကွက်ကြည့်ကွက်ကြည့် ကြည့်နေပါပြီ။ အဲ့တော့မှ ဘာဘီယာယူမှာလဲဆိုမေး၊ ဘီယာခွက်ကမ်းပေးပြီးမှ “ဆောရီး ခုန လူအရမ်းရှုပ်နေလို့” ဆိုပြီး ဝတ်ကြေတန်းကြေပြောပါတယ်။ ဘီယာနှုန်းထားကျသင့်သလောက် ပေးသောက်တာချင်းတူတူ လူဖြူမဟုတ်လို့ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာ တော်တော် မခံချိမခံသာ စိတ်အနှောက်အယှက်ဖြစ်စရာ အတွေ့အကြုံပါပဲ။ ဒါနဲ့ပဲ မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ဘီယာကိုကုန်အောင်သောက်၊ ပြန်လာခဲ့ကြပြီး အွန်လိုင်းပေါ် က သူတို့ဆိုင်စာမျက်နှာမှာ ရီဗျူးဝင်ရေးဖို့ပြင်မှ ကိုယ်တွေလို ခံသူရတွေ အရင် ၂-၃နှစ်ကတည်းက ရေးထားတဲ့ အလားတူအတွေ့အကြုံတွေ ဖတ်ရပါတယ်။ လူဖြူမဟုတ်ရင် လိုအပ်တာထပ်အချိန်ကို ပိုစောင့်ခိုင်းတာကစပြီး စားစရာသောက်စရာမှာနေရင်လည်း အရေးမလုပ်တာ၊ အရက်ခွက်တွေကိုပိုသောက်ပါတယ်လို့ စွပ်စွဲတာ အဆုံးပါပဲ။ ဒီလို အော့နှလုံးနာစရာဝန်ထမ်းကို ဆက်ခန့်ထားတာ အံ့သြစရာပါပဲ။
ဒီအဖြစ်အပျက်အပြီး နောက် ၁၀ရက်လောက်ကြာတော့ တစ်ကြိမ်ထပ်ကြုံရပြန်ပါတယ်။ ဖြစ်ပုံက အဲ့နေ့က စနေနေ့ပေမယ့် မောင်ကျောင်းသားနဲ့သူငယ်ချင်းဖြစ်သူ ကျောင်းစာကြည့်တိုက်မှာ စာဖတ်နေကြတာပါ။ မောင်ကျောင်းသားလည်း စာတစ်အုပ်ကိုဖတ်ဖို့လိုလာတာကြောင့် အွန်လိုင်းစာကြည့်တိုက်စနစ်မှာ ရိုက်ရှာတော့ ၇လွှာက စာအုပ်စင်နံပါတ် ဘယ်လောက်က နံပါတ်ဘယ်လောက်မှာ သွားရှာပါလို့ ညွှန်းတာမို့ အဲ့စာအုပ်ကိုရှာဖို့ ၇လွှာတက်လာတာမှာ ဓာတ်လှေကားက ထွက်လိုက်ပြီးပြီးချင်း လူဖြူကျောင်းသား/သူ ၅ယောက် အနီးနားက စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ မြင်ပါတယ်။ မောင်ကျောင်းသား သွားရမယ့် စာအုပ်စင်ကိုရှာဖို့ သူတို့စားပွဲဘေးကို ဖြတ်လာခဲ့တော့ သူတို့ချင်းခပ်တိုးတိုး စကားပြောပြီး ဝိုင်းရယ်သံတွေ ကြားပါတယ်။ စိတ်ထဲ တစ်မျိုးဖြစ်ပေမယ့် ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် တိုက်ဆိုင်နိုင်တာပဲလေဆိုပြီး ရှာရမယ့်စာအုပ် ရှာဖို့သာ ဆက်လာခဲ့ပါတယ်။ ဒါနဲ့ ရှာရမယ့်စာအုပ် ရှာတွေ့လာတော့ ယူလာခဲ့ပြီး ၄လွှာက စာကြည့်နေတဲ့နေရာပြန်ဆင်းဖို့ ဓာတ်လှေကားကိုစောင့်နေကြတဲ့အချိန်မှာပဲ မောင်ကျောင်းသားကိုကြည့်၊ သူတို့ချင်းတွက်ထိုးပြီး နောက်တစ်ခါ ဝါးခနဲ ထ ရယ်ကြပြန်ပါတယ်။ ဒါနဲ့ပဲ သူတို့ဖက် မျက်နှာချင်းဆိုင်လှည့်ပြီး “ဒီနားမှာ ရယ်စရာအရမ်းကောင်းတာ ရှိနေလို့လား။ ပြောပြပါဦး ငါ့ကိုလည်း” လို့ ခပ်တည်တည်ကြည့်ပြီး တစ်လုံးချင်းပြောတော့ ၅ယောက်လုံး တိတ်ဆိတ်သွားပြီး ကောင်လေးတစ်ယောက်က “ဆောရီး” လို့ မပွင့်တပွင့် တုန့်ပြန်ပါတယ်။ အဲ့အချိန် ဓာတ်လှေကားတံခါးကလည်း ပွင့်လာတာမလို့ အောက်ကို ဆင်းချလာလိုက်ပြီး ကိုယ့်နေရာကို ပြန်ထိုင်တော့ ဒေါသစိတ်နဲ့ လူက တုန်ရင်ပြီး ချမ်းတောင်လာတဲ့အထိပါပဲ။
အမေရိကားမှာ ၁၆၀၀ ပြည့်နှစ်တွေကတည်းက လူဖြူတွေက လူမည်းတွေကိုကျွန်ပြု၊ ကျွန်တွေကို တရားဝင်ရောင်းကြဝယ်ကြတဲ့ ကျွန်စနစ်ကနေ စလာလိုက်တဲ့ လူမျိုးရေးခွဲခြားမှုဟာ နှစ်ကာလတွေပြောင်းလာလို့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေကနေတဆင့် အမေရိကန်နိုင်ငံသားတိုင်း ဥပဒေကြောင်းအရ တန်းတူအခွင့်အရေးတွေ ရလာပေမယ့် လူဖြူတွေက လူမည်းအပါအဝင် တခြား အမေရိကန်နိုင်ငံသားလူမျိုးစုံကို လူမျိုးကြီးဝါဒနဲ့ ခွဲခြားဆက်ဆံနေတာတော့ အမြစ်တွယ်နေဆဲပါပဲ။ ဥပဒေကြောင်းအရ အကာအကွယ်ပေးထားတာမလို့ တိုက်ရိုက်ခွဲခြားဆက်ဆံမှုတွေလုပ်တာ နည်းပါးသွားပေမယ့် ဥပဒေကိုလက်တစ်လုံးကြားလုပ်ပြီး မသိမသာ၊သိမ်သိမ်မွေ့မွေ့ ခွဲခြားဆက်ဆံမှုတွေကတော့ နေရာတိုင်းမှာ ရှိနေဆဲပါပဲ။ ဒီလိုလုပ်သူတွေမှာ သိလျက်နဲ့ကျူးလွန်းကြသူတွေရှိသလို ကိုယ့်အပြောအဆို၊ အပြုအမူဟာ လူမျိုးရေးခွဲခြားမှုကို သက်ရောက်မှုရှိတယ်ဆိုတာ မသိလို့ ပြောမိလုပ်မိနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
မြင်သာတဲ့ ဥပမာတစ်ချို့ပေးရရင် မောင်ကျောင်းသားတို့နိုင်ငံမှာဆို တိုင်းရင်းသားနာမည်တွေဆို လှောင်ပြောင်ပြီး စကြတာမျိုး၊ ဘာသာခြားလူမျိုးမလို့ အိမ်ခန်း/ဆိုင်ခန်း မငှါးနိုင်ဘူးလို့ ငြင်းတာမျိုးတွေလိုမျိုးတွေပေါ့။ အမေရိကားမှာလည်း လက်တင်အမေရိကားတိုက်က မက်ဆီကို၊ ဘရားဇီး စတဲ့ နိုင်ငံတွေကနေ ရွှေ့ပြောင်းလာတဲ့သူတွေက အိမ်သန့်ရှင်းရေးအလုပ် လုပ်ကြတာများလို့ သူတို့ကို “အိမ်ဖော်” တွေလို့ နာမည်ပြောင်းတပ်ပြီး နှိမ်ခေါ်တာမျိုး၊ အာရှလူမျိုးတွေကိုဆို အသားဝါတဲ့အရောင်ရှိလို့ “မျောက်ဝါ” တွေလို့ လှောင်ပြောင်ခေါ်တာမျိုး၊ အမေရိကားမှာပဲမွေး၊ကြီးပြင်းကြတဲ့ အာရှသွေး အမေရိကန်လူမျိုးတွေကို အပြင်အသားအရောင်က ဝါပေမယ့် စိတ်ကတော့ လူဖြူစိတ်ဖြစ်နေလို့ “ငှက်ပျောသီး” လို့ နာမည်ပြောင်ပေးတာမျိုး ငါတို့လူဖြူတွေနဲ့မတူဘူးဆိုတာကို ပုံစံစုံ ခွဲခြားဆက်ဆံနေကြဆဲပါပဲ။ ခွဲခြားမှုတွေအပြင် လူမျိုးအပေါ်အခြေခံတဲ့ လူမှုပုံစံသွင်းတဲ့အပြောအဆိုအကျင့်အကြံတွေလည်ရှိပါတယ်။ “အာရှကဆိုတော့ သခ်ျာနဲ့အတွက်အချက် တော်မှာပဲ” ပဲလို့ လှေနံဓားထစ် ယူဆထားတာမျိုး။ “နင် အဂ်လိပ်စာက ကောင်းလိုက်တာ၊ ဒေသခံတွေအတိုင်းပဲ” လို့ ချီးကျူးသလိုလိုနဲ့ အာရှတိုက်သား/သူတွေ နိုင်ငံတကာဘာသာစကားနဲ့ပြောဆိုဆက်ဆံနိုင်တာကို အံ့သြပြတာမျိုး မျိုးစုံပေါ့လေ။ ကိုဗစ်ကပ်ဘေးမှာတော့ ဒေါ်နယ်ထရန့်ကိုယ်တိုင်က တရုတ်ကစတဲ့ ကပ်ဘေးဆိုပြီး ဗြောင်ကျကျပြောဆိုတာမို့ အဲ့ဒီကာလကစပြီး တရုတ် ရုပ်ရည်သွင်ပြင်ရှိတဲ့သူတိုင်းကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ကြတဲ့အခြေအနေတွေအထိ လူမျိုးရေးအပြင် အမုန်းတရားအခြေခံတဲ့ ကျူးလွန်မှုတွေ များလာကြောင်း မီဒီယာတွေက ရေးကြသလို သုသေတနအချက်အလက်တွေလည်း ထွက်လာပါတယ်။
ဒီလို လူအချင်းချင်းကိုလူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ မနှစ်မြိုစရာအတွေ့အကြုံကို ကြုံရသူအများစုဟာ အကြောင်းကြောင်းကြောင့် ပြဿနာမဖြစ်ချင်လို့ မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေပြီး စကားနည်းရန်စဲ နေလိုက်ကြတာများပါတယ်။ အကြောင်းကြောင်းဆိုတာ မျိုးစုံဖြစ်နိုင်ပါတယ်။ တချို့ဟာ တရားဝင်နေထိုင်ခွင့်နဲ့ နေသူတွေမဟုတ်တာမို့ မခံချင်လို့ တုန့်ပြန်မိရင် မီးခိုကြွက်လျှောက်သလို ကိုယ့်အခြေနေတွေပါ ပေါ်ကုန်မှာစိုးရိမ်တာမျိုးဖြစ်နိုင်သလို တရားဝင်ကျောင်းသားဗီဇာနဲ့နေနေတဲ့ မောင်ကျောင်းသားတို့လို ကျောင်းသားတွေတောင် နိုင်ငံသားလူဖြူတွေနဲ့ ရန်ဖြစ်တာမျိုး၊ ပြဿနာဖြစ်လာရင် အဆိုးဆုံးဖြစ်နိုင်တဲ့အခြေနေက ကျောင်းထုတ်ခံရတာမျိုး ဒါမှမဟုတ် ကျောင်းမပြီးခင် ဒီနိုင်ငံက ထွက်သွားရတာမျိုးတွေလည်း ဖြစ်လာနိုင်တာမလို့ မတုန့်ပြန်ကြဘူးပေါ့။ မောင်ကျောင်းသားကတော့ ရန်ကိုရန်ချင်းတုန့်ပြန်တာမျိုးလုပ်ဖို့တော့ စိတ်ကူးလည်းမရှိ၊ တလွဲသတ္တိလည်းမရှိပေမယ့် ဒီတိုင်းငြိမ်ခံလိုက်တာတော့ သဘာဝမကျဘူးလို့ ခံယူပါတယ်။ နှုတ်နဲ့စော်ကားရင် အဲ့နှုတ်ကို နောက်တစ်ခွန်းထပ်မထွက်ရဲအောင် ကိုယ်လည်းနှုတ်နဲ့တုန့်ပြန်မှ သဘာဝကျမယ်လို့ ယူဆပါတယ်။ ကိုယ့်မှာအခွင့်အရေးအပြည့်ရှိနေလျက်နဲ့ ကိုယ့်ကို ခွဲခြားဆက်ဆံရင် ကိုယ့်အခွင့်အရေး ကိုယ်ရအောင် နည်းမျိုးစုံနဲ့ကြိုးစားရပါမယ်။ ခွဲခြားဆက်ဆံခံရတဲ့အခါ မောင်ကျောင်းသားရဲ့ ခံယူချက်ကတော့ သူတို့ခွဲခြားချင်တဲ့အရာကို အနုနည်းနဲ့ပြန်စိန်ခေါ်ပြီး ကိုယ့်အခွင့်အရေးကိုယ်ရအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့် စျေးနှုန်းတူချင်းပေးသောက်တာကို အသားရောင်မတူလို့၊ လူမျိုးမတူလို့ ဝန်ဆောင်မှုမပေးချင်တဲ့ လူဖြူအမျိုးသမီး ဘီယာဖြည့်ပေးတဲ့အထိ ကိုယ်လိုချင်တာရအောင် လုပ်ခဲ့တာပါ။ နင်ငါကိုခွဲခြားဆက်ဆံတာလားလို့ ဒဲ့စိန်ခေါ်ရင် ၂၀၂၄ခုနှစ်မှာ ဘယ်သူမှ အမှန်အတိုင်းဝန်ခံမှာမဟုတ်ဘူးလေ။ ပြီးတော့ အဖြစ်အပျက်က သူရယ်၊ မောင်ကျောင်းသားရယ်၊ ဘေးကမတ်တပ်ရပ်နေတဲ့ကောင်လေးရယ်အပြင် ဘယ်သူမှ မသိနေပါဘူး။ အာရှတိုက်သားတွေ့တာနဲ့ ငါတို့နဲ့မတူဖူးဆိုပြီး မသိစိတ်ကနေ အဆင်အခြင်မရှိ အလေးအနက်မရှိ ခွီချင်ကြတဲ့ ကျောင်းသားတစ်သိုက်ကိုလည်း တစ်ခွန်းတော့ ပြန်ပြောခဲ့မှ လူချင်း ရယ်စရာမဟုတ်ဘူး၊ လူတိုင်းကိုလုပ်မရဘူးဆိုတာအတွေးပေါ်ပြီး နောက်ထပ်လုပ်ဖို့ လက်တွန့်သွားနိုင်တယ်လေ။
ဒီအဖြစ်အပျက်နှစ်ခု ကြုံတွေ့ပြီးကတည်းက နဂိုဒေါသဖြစ်လွယ်တဲ့စိတ်က လူဖြူတွေကိုမြင်တာနဲ့ အကြောတွေတောင့်တင်းလာတဲ့အထိ သွေးဆူလာတာ အကြိမ်ကြိမ်ပါပဲ။ မျက်နှာလည်း လိုအပ်တာထက် ပိုတည်တင်းနေတာမျိုး၊ နဖူးကြောနဲ့မျက်လုံးက အလိုလိုကျုံလာတာမျိုး ဖြစ်လာတာလည်း ကိုယ့်ဘာသာ သတိထားမိနေပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်ကာကွယ်ချင်တဲ့စိတ်က ပုံမှန်ထက် ပိုများနေတယ်လို့ ကိုယ့်ဘာသာသိနေတဲ့အခါ စိတ်နှလုံးက မသာယာသလို စိတ်လည်း အင်မတန် ပင်ပန်းပါတယ်။ ညစာကျွေးသွားဖူးတဲ့ ဘီးလ်တို့စန္ဒီအကြောင်း၊ အဝတ်လျှော်ဆိုင်မှာ အကြွေစေ့လိုနေလို့ ငါ့မှာပိုနေတယ်ဆိုပြီး လိုတဲ့အကြွေစေ့တွေပေးသွားတဲ့ လူဖြူအဖိုးကြီးအကြောင်း၊ ကော်ဖီဝယ်ဖို့တန်းစီးရင်း စကားစမြည်ပြောရင်းကနေ ကော်ဖီဝယ်တိုက်သွားတဲ့ ကျောင်းသားအကြောင်း၊ မတွေ့ဖြစ်ရင်တောင် ၂ပတ်တခါလောက် မက်ဆေ့ပို့ပြီး အဆင်ပြေလား မေးတတ်တဲ့ ဝင်ဒီတို့အကြောင်းတွေပြန်တွေးပြီး လူကောင်းတွေလည်း အများကြီးရှိတယ်လို့ ကိုယ့်ဘာသာ ပြန်သတိပေးရတာ အခါခါပါပဲ။
အခက်အခဲတွေကြုံလာရင် စိတ်လုံခြုံတယ်ထင်တဲ့နေရာတွေ ချင်းမိုင်း၊ ရန်ကုန်နဲ့ အိမ်ကို ပြန်ပြေး ချင်စိတ်တွေပေါက်တာလည်း အခါခါပါ။ ဒီတစ်စောင်ကတော့ မောင်ကျောင်းသားရဲ့ စိတ်နှလုံးမသာယာစရာ အမှောင်ခြမ်းက အတွေ့အကြုံပေါ့လေ။
ဒီမျှသာ
မောင်ဆိုင်မွန်
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ)
Thursday, October 10, 2024
အိမ်နီးချင်းရယ်၊ အိမ်ရယ်၊ အတွေးတချို့ရယ်
ဘင်္ဂလားဒေရှ့်ကလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မကြာခင်ကအောင်မြင်သွားတဲ့လူထုလှုပ်ရှားမှုအကြောင်းလာပြောတော့ လာတက်ကြတဲ့တစ်ခန်းလုံးကသူတွေက စာနာအံ့ဩစွာ စုတ်တသပ်သပ်နဲ့ပေါ့လေ။ ဒီထက်အများကြီးဆိုးတဲ့ခြေနေတွေ ကိုယ့်နိုင်ငံမှာဖြစ်နေတော့ သူပြတဲ့ဓာတ်ပုံနဲ့အကြောင်းအရာတွေကို ဘာ ခံစားချက်မှာမရှိ၊ မထူးဆန်းသလို တုန့်ပြန်မိတဲ့ ကိုယ့်ခံစားချက်ကိုလည်း ကိုယ့်ဘာသာ သတိထားမိတယ်။
ဌာနကပွဲစီစဉ်သူ ပါမောက္ခကလည်း ဒီနှစ်ဘွဲ့လွန်အစီအစဉ်မှာ မြန်မာကကျောင်းသားတစ်ယောက်လည်းရှိကြောင်း သူ့ကို ကြိုပြောပြထားကြောင်း ဆွေးနွေးပွဲပြီးလို့ သွား မိတ်ဆက်စကားပြောမှ သိရတယ်။ သူ့ကို ဘေးကပ်လျက်အိမ်နီးချင်းနိုင်ငံမှာ လူထုလှုပ်ရှားမှုအောင်မြင်သွားတာ ဝမ်းသာကြောင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနက်စ် ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကာလလွန်ရင် ပြီးခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးကျူးလွန်သူတွေကို အရေးယူတာဝန်ခံစေမယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြောနေလား၊ ဘင်္ဂလားဒေရှ့်ပြည်တွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပုဂ္ဂလိကမီဒီယာတွေကရော ဒီကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောနေလား မေးဖြစ်ပါတယ်။ ၂၀၁၀ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေကျူးလွန်ခဲ့သမျှကို တာဝန်ခံစေဖို့ နိုင်ငံတကာအပါအဝင် အစုအဖွဲ့အသီးသီးက ပြောခွင့်ဆောင်ရွက်ခွင့်မရခဲ့၊ ပြုပြင်ပြောင်းလဲရေးကလည်း တစ်ဖက်သတ်ပဲ ဖြစ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလည်း ထင်သလို ခရီးမရောက်ပဲ နောက်ဆုံးတော့ အာဏာသိမ်းခံရတဲ့တွင်းနက်ထဲပဲ ပြန်ရောက်တယ် ယူဆကြောင်း ဥပမာပေး ဆွေးနွေးဖြစ်ပါတယ်။
သူကတော့ မြန်မာအရေးက ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာ ရှုပ်ထွေးနက်နဲတာ သဘောတူသလို တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တဲ့အခန်းကဏ္ဍကိုလည်း အိန္ဒိယက ဘင်္ဂလားဒေရှ့်ကို အလုပ်မဖြစ်စေချင်လို့ ခြယ်လှယ်တဲ့အကြောင်း ဥပမာပေးထောက်ပြပါတယ်။
ဘင်္ဂလားဒေရှ့်ပြည်သူတွေထက် အဆများစွာ သတ္တိရှိရှိ ရင်ဆိုင်နေပေမယ့် အလှမ်းရှည်သွားနေရတဲ့ ကိုယ်တွေရဲ့ တော်လှန်ရေးခရီးအကြောင်း ယှဉ်ထိုးစဉ်းစားပြီး မချင့်မရဲ စိတ်မကောင်းမိတဲ့ ညနေပေါ့လေ။
Friday, September 27, 2024
Telling your story is important. Why? Here is my story and my opinion
To my grandmother, who always stood by my side, and to my mother, who loves me unconditionally, this write-up is dedicated to you both.
Throughout my life, I've been a relatively quiet person. I analyzed myself to see why I became this way. The possible answer is that in my childhood, there was no one who believed in me or my dreams except from my grandmother (actually, I want to use the word 'dismiss,' but I think it is too strong to say). My father was too harsh on me without reason, and my mother could not give me and my siblings the care we needed as children because she was struggling financially and trying to hold the family together so as not to fall apart. Knowing that my family was in financial trouble with unstable incomes, my father constantly scolded and hit me all the time (again, I know the word ‘abused’ is more accurate but I still do not have a harsh gut to say this to him), and always being dependent on extended families for help, my teenage years were nightmares – hopeless, trapped, and pessimistic. To protect myself from being dismissed or blamed by someone or receiving pitying looks from neighbors, I became used to staying quiet, keeping my thoughts to myself, and building my defense fence until I felt safe to disclose what I really feel, think and what I really want.
Growing up in this environment and experiencing this, I felt lonely and hesitant to speak my mind. I played it safe in life – using safe words and doing safe things because I had dealt with enough uncertainty. I barely trusted anyone because I always focused on protecting myself from the worst. This portrayal of myself stayed with me until I reached a point where I began to rediscover who I really was. In my 30s, working in more open workplaces and exploring a new culture and environment now, I realized that deep down, I wasn’t a quiet person. I enjoyed learning about other people’s lives, caring what people were going through, and sharing my own experiences – good and bad. However, I still somehow struggle with stepping out of my safe zone, taking initiative and voicing my opinions.
Another part of my struggle was the feeling that sharing my teeny-tiny success or thoughts wasn’t worthwhile, and nobody wanted to know it or hear it or cheer on me. This may come from years of believing that if I shared what I thought or wanted to do, others would dismiss me or not believe in me. Now, I realize that I spent too many years focused on what others thought of me instead of focusing on my true self and my being of best. It feels like I was a prisoner of my own mind for so long.
There are two moments that lightened me and helped me change my perspective. The first came after the second wave of COVID. I went back to my hometown, worked remotely and set up a work desk at my uncle’s house with the facilities provided by the office. One day, my family hosted a small memorial for my grandparents by inviting monks for donations and neighbors to share food. A neighbor’s young kid, around seven or eight years old, saw my work desk and asked his mother what it was for. She explained that it was where I worked, and that I had a good job at an embassy in the capital city. The boy asked his mom to meet me. When his mother introduced us, he asked me what I did with the computer and what my job was. He told me he wanted to have a job like mine one day. I told him to study properly and stay focused and curious. Coming from a small town with just over 3,000 population, where kids from lower and middle-class families have limited exposure to what they could achieve, this moment really humbled me. That boy may have seen doctors, engineers, and teachers but never seen before someone who worked with a computer every day and spoke English at work. It was incredibly sobering and honored to realize that by building my own life, I could help inspire someone else to dream bigger, to dream different.
The second moment, associated with that story, came from a colleague’s daughter, who had heard about me through her mother. In her essay applying for college, she wrote that my story helped her realize how one person’s life can inspire others and that motivated her to be that kind of person, too.
These two heartfelt experiences made me realize that trying to be who you are and discovering your authentic self can positively impact others, especially young people. These stories reaffirmed my belief that representation really matters. They helped me feel more liberated; I felt power in myself and no longer ashamed of my terrible childhood. I felt more willing to unlearn the trauma and relearn the healthier and happier way of life. I also felt a sense of responsibility to keep building my life because there may be some young people in my town who looked up to me – and it helps me hang in tight even when I face difficult circumstances.
Over the past decade, as a Communicator professionally, I have told stories of others. Many of them live in IDP camps and rural areas or are marginalized groups like women, the elderly, and children whose dreams and abilities are often overlooked and not valued – their voices are barely heard, and I told their stories in many channels on their behalf – for good – to lift each other up, to inspire and rely the resilience and energy on one another. I never saw myself as a story worth telling – never before. But now I do. For the first time in my life, I felt empowered by myself, and I felt worthy of myself.
This is my story. I am sharing it with you because I’m liberated from the past and ready for a way forward. I hope it helps you get through your day and gives you a little energy to keep believing in what you are doing. Keep the faith and keep going.
Thursday, September 5, 2024
Cooking with memories
Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents' home like being at a training camp. They taught us everything—from life skills like opening windows quietly so we wouldn't disturb the sleeping neighbors, to chopping onions and garlic and pounding them just right in the mortar, to simply being kind and respectful to one another, many many more.
In the kitchen this evening, I can still hear her voice, imagine the old kitchen we used to have conversations, the yellow bucket she used to carry to the market. I feel those moments as if they’re happening all over again. It feels like she’s still out there somewhere and I’m just away from her—my grief for her is something I carry with me forever—it is often difficult, I confess but sometimes it’s also joyful to think of the good memories and to remember what a remarkable person she was. She had an extraordinary life, loved and looked out for herself, her family and everyone surroundings and in the community.
Also, cooking specifically “shrimp” today fleshed back a vivid memory of my childhood. Growing up in a lower-middle-class family, whenever we cooked meat especially shrimp, we would have to ration them carefully because they were not cheap. But even with those limits, there were always leftovers because we would put love first over everything. Having lived a life with financial instability is not a time I like to revisit, even in my memory but now, in my 30s, I realize that we never let that poverty and struggle drown our compassion, love, and care for each other. For that, I am grateful to my family especially my mom and my two younger peas.
Being nearly 8,000 miles away and figuring everything new out alone, I miss home every day, but today, I’m feeling it a bit extra. 💖💖❤️🩹
Wednesday, August 21, 2024
မောင်ကျောင်းသား ၄ - နယ်လ်ဆင်ဗီးလ် (Nelsonville) ချီတက်ပွဲက လုပ်အားပေး
လုပ်အားပေးဇာတ်လမ်းက ဘယ်တာက စထွက်သလဲဆိုရင် မောင်ကျောင်းသားရဲ့ (ကိုယ်စိတ်ဝင်စားတာဆိုရင် မရမက) လျှာရှည်တတ်တဲ့ဥာဥ်က စထွက်တယ်လို့ ပြောရမလိုပါပဲ။ ဖြစ်ချင်တော့ ကျောင်းရှိတဲ့အေသင်မြို့လေးကို ကျောင်းတွေမဖွင့်ခင် သုံးပတ်ကျော်လောက် စောရောက်နေလေတော့ ကောလိပ်ကျောင်းတစ်မြို့လုံးဟာ ခြောက်ကပ်နေတာပါပဲ။ နွေရာသီ လတိုသင်တန်းလာတက်ကြတဲ့ ကျောင်းသူ/သားတစ်ချို့နဲ့ ပါရဂူတန်းက ကိုယ့်ရုံးခန်းနဲ့ကိုယ် သုသေတနလုပ်ခွင့်ရတဲ့ ဥာဏ်ကြီးရှင်တွေကလွဲရင် ကျောင်းမှာ ဘယ်သူမှမရှိပါဘူး။ ဒါနဲ့ အချိန်တွေအားနေလို့ စိတ်နောက်ကိုယ်ပါနိုင်ပြီး လုပ်ချင်တာတွေလုပ်ဖို့ အချိန်တချို့ရနေတယ် ဆိုပါတော့။
ဧက (၁၈၀၀) ကျော်ကျယ်တဲ့ ကျောင်းတစ်ခွင်ကို စျေးတန်လို့ Facebook Marketplace ကနေဝယ်လိုက်နိုင်တဲ့ တစ်ပတ်နွမ်းစက်ဘီးတစ်စီးနဲ့ သုံး၊လေးရက် မမောမပန်းပတ်ပြီးတဲ့အခါ လမ်းတွေ့ပြုံးပြနှုတ်ဆက်တဲ့သူစိမ်းတွေကလွဲရင် စကားပြောစရာ အပေါင်းအသင်းမရှိသေးတော့ လူက ကယောင်ခြောက်ခြားဖြစ်လာပါလေရော။ ဒါနဲ့ပဲ မဖြစ်ချေဘူး၊ လူတွေနဲ့ပြောဆိုခွင့်ရနိုင်တာ တစ်ခုခုတော့ လုပ်မှပါလေဆိုပြီး ဘယ်နေရာရောက်ရောက် နိုင်ငံရေးနဲ့မကင်းချင်သူ အမောင်ကျောင်းသားက ဒီ အေသင် စီရင်စု (County) က ဒီမိုကရက်တစ်ပါတီ ဝက်ဘ်စာမျက်နှာကို တူးဆွ၊၊ သူတို့မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဆက်သွယ်ရနိုင်မယ့် လျှပ်ချောလိပ်စာတစ်ခုကို လိပ်မူပြီး လျှပ်ချောစာတစ်စောင် စိတ်ထဲပေါ်သမျှတွေ ရှည်ရှည်ဝေးဝေး ရေးပို့လိုက်မိပါတယ်။
ငါကတော့ အရှေ့တောင်အာရှထဲက မြန်မာနိုင်ငံကနေ ဘွဲ့ကြိုလွန် မဟာတန်းလာတက်တဲ့ ကျောင်းသားပါ။ ကျောင်းလည်းမဖွင့်သေး အချိန်လည်း နည်းနည်းအားနေလို့ ပါတီမဲဆွယ်စည်ရုံးရေးတွေရှိရင် ငါလိုက်လေ့လာရင်း ကူညီချင်တယ်။ ဘာအလုပ်တွေလုပ်ဖူးတယ်၊ နင်တို့ ငါနဲ့ သင့်တော်မယ်ထင်တဲ့နေရာ လုပ်ခိုင်းပါ။ ငါ့နိုင်ငံမှာ ငါတို့မဲတွေနဲ့ရွေးကောက်ပွဲက အနိုင်ကျင့်ခံထားရသည့်တိုင် နင်တို့ရွေးကောက်ပွဲအတွေ့အကြုံတွေမှာ နည်းနည်းဖြစ်ဖြစ် ပါဝင်လေ့လာရင်း ဇာတိနဲ့ အဝေးဆုံး ဒီရောက်နေတဲ့ခဏကို အဓိပ္ပာယ်ပြည့်ဝချင်တယ်။
လို့ ပွားလိုက်လေတော့ ၂၄နာရီမပြည့်ခင်မှာပဲ ဝင်ဒါ (Wenda) ဆိုတဲ့နာမည်နဲ့ တစ််ကြောင်းထဲရေးထားတဲ့ လျှပ်ချောစာ တစ်စောင် ပြန်ပို့လာပါတယ်။ ဆက်သွယ်လာတာ ဝမ်းသာတယ်၊ နင့်ဖုန်းနံပါတ်လေး ထားခဲ့ပေးမလား၊ ငါဖုန်းခေါ်မယ်တဲ့။ (လူချင်းတွေ့မှ ဝင်ဒါ ပြန်ပြောပြတာက သူတို့ကို အမေရိကန်မဟုတ်တဲ့သူတစ်ယောက်က ဆက်သွယ်လာတာ တခါမှမကြုံဖူးတော့ ပြိုင်ဖက်ပါတီကနေ လုပ်ဇာတ်ခင်းပြီး သတင်းနှိုက်တယ်ထင်တာကြောင့် ဖုန်းပြော စကားပြန်နှိုက်မယ်ဆိုပြီး ဖုန်းနံပါတ်တောင်းတာလို့ ရယ်မော ပြောပြပါတယ်။) ဒါနဲ့ပဲ သူက ဖုန်းထဲကတစ်ဆင့်ပဲ အပြန်အလှန်မိတ်ဆက်ကြပြီးတော့ သူတို့လုပ်နေတဲ့ လက်တလောအလုပ်တွေအကြောင်း ရှင်းပြ၊ ပွဲတစ်ချို့လည်း လာခဲ့ဖို့ ဖိတ်သလို မောင်ကျောင်းသားကလည်း အမေရိကန်ရွေးကောက်ပွဲအတွေ့အကြုံကို လုပ်အားပေးလေ့လာချင်လို့သာ ဆက်သွယ်ရတဲ့အကြောင်း၊ လုပ်အားပေးအနေနဲ့ အခငွေကြေး ဘာဆိုဘာမှ ယူလို့မရတဲ့အကြောင်း၊ ပညာသင်ဆုပေးတဲ့အဖွဲ့အစည်းကလည်း အခငွေကြေးအလုပ်တွေအတွက် ခွင့်မပြုထားကြောင်း သေချာအောင် ပြောပြဖြစ်ပါတယ်။ ဝင်ဒါက ဖုန်းချခါနီးမှာ ကမ္ဘာကြီးကို ရွာကြီး (ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ပြဿနာဖြစ်ဖြစ်၊ နေရာတိုင်းမှာ ဆိုးကျိုးအနည်းနဲ့အများ တစ်နည်းမဟုတ်တစ်နည်း ရှိနိုင်တယ်) လို့မသိသေးတဲ့ အမေရိကန်လူငယ်တွေအများကြီး ကောင်းရေ၊ တကယ်လိုများ နင်အဲ့လိုလူတွေနဲ့ နောင်တွေ့ရင် ငါ ကြို တောင်းပန်တယ်နော်လို့ ချိုသာယဥ်ကျေးတဲ့ လောကွက်စကား ပြောရှာလေရဲ့။
ဝင်ဒါ (Wenda) အကြောင်း အတိုချုံးပြောပြချင်ပါတယ်။ ဝင်ဒါက အငြိမ်းစားပါ။ အသက် ၇၀နီးပါးလို့မထင်ရအောင် နုပျိုသွက်လက်ပါတယ်။ ခုလာမယ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အိုဟိုင်းယိုးပြည်နယ်အဆင့်အောက်လွှတ်တော်ရဲ့ အမတ်နေရာအတွက် ဝင်ပြိုင်နေတာပါ။ နဂိုကတော့ သူပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။ ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့်သူမရှိလို့ မပြိုင်ပဲနဲ့တော့ တစ်ဖက် (ရီပါပလစ်ကန်) ပါတီကို ပြိုင်ဖက်မဲ့အနိုင်မပေးနိုင်ဘူးဆိုတဲ့ ခံစားချက်နဲ့ သူ ဝင်ပြိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့စကားအရဆိုရရင် ရွေးကောက်ပွဲဝင်ပြိုင်ရင် ရပ်ထဲရွာထဲကဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပါတီတွေ ဘယ်လို ခံယူတယ်၊ ရပ်တည်တယ်၊ ပိုကောင်းအောင် ဘာလုပ်ပေးမယ်ဆိုတာကို ဒေသခံတွေက သိခွင့်ကြားခွင့်ပိုရပြီး သူတို့ဆန္ဒအလျှောက် ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတယ်။ ငါ နိုင်ချင်မှလည်း နိုင်မယ်၊ ဒါမယ့် ဝင်ပြိုင်ဖို့က နိုင်ဖို့မနိုင်ဖို့ထက် ဒီဒေသအတွက် အရေးကြီးတယ်တဲ့။ (ဒီနေရာမှာပြောရရင် ကာယအားသုံးရတဲ့ အလုပ်သမားနဲ့ ယာသမားလူတန်းစားများတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ဒေါ်နယ်လ်ထရမ့်ထောက်ခံသူ အဆမတန်များပါတယ်။ အိမ်ရှေ့တွေမှာတောင် အမေရိကန်အလံနဲ့အတူ ထရမ့်ရဲ့ ‘Make American Great Again’ စာပါတဲ့ အလံပါ လွှင့်ထားတဲ့ အိမ်တွေ အများကြီးပါပဲ။ ဒီမိုကရက်တွေရဲ့ ရည်ရွယ်ချက်က ဒီရွေးကောက်ပွဲတစ်ခုနိုင်ဖို့ထက် ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကတဆင့် နောင်မှာ ဒီ ပြည်နယ်ကို အနီရောင် (ရီပါပလစ်ကန်ပါတီအရောင်) ကနေ အပြာရောင် (ဒီမိုကရက်တစ်ပါတီအရောင်) ထောက်ခံသူတွေအများစုဖြစ်အောင် ပြောင်းနိုင်ဖို့ ရည်ရွယ်လှုပ်ရှားကြတယ်လို့ ခန့်မှန်းမိပါတယ်။) အမတ်လောင်း ဝင်ဒါက အချဥ်တော့ မဟုတ်ပါဘူး။ ဥပဒေဘာသာနဲ့ ဘွဲ့ရခဲ့ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားခဲ့တဲ့သူပါ။ အိုဟိုင်းယိုးပြည်နယ်၊ အေသင် စီရင်စုက တရားရုံးမှာ နှစ် (၂၀) ကျော် ရှေ့နေလုပ်ခဲ့သလို မောင်ကျောင်းသားတက်တဲ့ အိုဟိုင်းယိုးတက္ကသိုလ်မှာလည်း ဆရာမ လုပ်ခဲ့ဖူးပါတယ်။
ဒါနဲ့ပဲ ဝင်ဒါရဲ့ကျေးဇူးနဲ့ အေသင်ကနေ ၁၃မိုင်ဝေးတဲ့ နယ်လ်ဆင်ဗီးလ်ဆိုတဲ့မြို့လေးက လမ်းလျှောက် ချီတက်ပွဲမှာ ပါဝင်ပြီး ဒီမိုကရက်ပါတီတွေမဲဆွယ်တာကို လေ့လာလုပ်အားပေးခွင့်ရပါတယ်။ သူကိုယ်တိုင် မောင်ကျောင်းသားနေတဲ့အိမ်ရာအထိ ကားမောင်းပြီး လာကြိုပြန်ပို့ လုပ်ပေးတဲ့အထိ တစ်ပြည်သားကျောင်းသားအပေါ် အလေးထားရှာပါတယ်။ ဒီချီတက်ပွဲက အသင်းအဖွဲ့အသီးသီးစုရုံးပြီး ဆိုကတီးမှုတ် အလှပြတန်းစီချီတက်တာကို ဒေသခံတွေက ကိုယ်အိမ်ရှေ့အသီးသီးကနေ အားပေးကြတာပါ။ ချီတက်သူတွေက ကလေးတွေကို သကြားလုံးတွေလည်း ကြဲကြတာမို့ ပျော်စရာပေါ့။ ဒီမိုကရက်တွေရဲ့နည်းတူ၊ ရီပါပလစ်ကန် (ထရမ့်) ပါတီကလည်း လာမဲဆွယ်ကြပါတယ်။ အစဥ်လိုက်ချီတက်မဲဆွယ်ကြတဲ့အခါ အားပေးကြသူတွေကလည်း ကိုယ်ထောက်ခံတဲ့အဖွဲ့ဆို လက်ခုပ်လက်ဝါးတီးပြီးတစ်မျိုး၊ လက်မထောင်ပြီးတစ်ဖုံ၊ အော်ဟစ်ကပြပြီးတစ်သွယ် အားပေးထောက်ခံကြောင်း ပြကြပါတယ်။ ဝင်ဒါနဲ့အတူ တခြားဆိုင်ရာလစ်လပ်တဲ့နေရာအသီးသီးကိုဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း လမ်းလျှောက်ချီတက်နေရင်းကတဆင့် မြို့ခံတွေကို လက်ဆွဲနှုတ်ဆက်၊ သူတို့အကြောင်း ခပ်တိုတိုခပ်မြန်မြန် မိတ်ဆက်ပြီး မဲဆွယ်ပုံနည်းနာတွေကိုလည်း မှတ်သားခွင့်ရပါတယ်။ ခပ်မြန်မြန်မိတ်ဆက်ကြရတဲ့အခါ ဓမ္မဓိဌာန်ကျတဲ့ မူဝါဒရေးရာတွေကို များများမပြောပဲ လူ လူချင်း၊ နှလုံးသားချင်း ဂျက်ပင်ထိုးနိုင်မယ့် ပုဂ္ဂလိကဆန်တဲ့အကြောင်းအရာတွေနဲ့ မိတ်ဆက်ပြောကြတာများပါတယ်။ ဥပမာ - ဝင်ဒါဆိုရင် သူက ကလေးနှစ်ယောက် အမေ၊ မြေး ၂ ယောက် အဘွား စသဖြင့် မိတ်ဆက်သလို ဝါရှင်တန်ဒီစီရဲ့ အောက်လွှတ်တော်အမတ်နေရာဝင်ပြိုင်တဲ့ ဂျက်ရက်ဆိုရင် သူ စက်ရုံစောင့်အလုပ်လုပ်ပြီး ကျောင်းတက်ခဲ့ရကြောင်း၊ နောက် အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင့် မိတ်ဆက်ပြီးမှ သူတို့ မူဝါဒရေးရာတွေကိုရေးထားတဲ့ လက်ကမ်းစာစောင်တွေပေးပြီး မဲဆွယ်ပါတယ်။
ထောက်ခံသူ၊ ဆန့်ကျင်သူတွေရဲ့ တုန့်ပြန်ပုံတွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့မထောက်ခံရင် လက်ဆွဲနှုတ်ဆက်ဖို့အမတ်လောင်းတွေက လက်ကမ်းပေးရင်တောင် ပြန်လက်ဆွဲမနှုတ်ဆက်ပါဘူး။ မိတ်ဆက်ပြီး ငါတို့ကိုမဲပေးပါလို့ပြောရင် ငါကတော့ ထရမ့်နဲ့သူ့ပါတီကိုပဲ မဲပေးမှာလို့ ခွန်းတုန့်ပြန်သူတွေလည်း ရှိပါတယ်။ အမတ်လောင်းတွေကလည်း ‘ဒါဆိုလည်း ကောင်းပါပြီ’ လို့ ပြန်ပြောပြီး အပြုံးမပျက်ပါပဲ။ နည်းနည်းဆိုးသွမ်းသူ ဆယ်ကျော်သက် ယောကျာ်လေးတစ်ချို့လည်း ကြုံရပါတယ်။ ဒီမိုကရက်တွေက ‘ငါတို့ကတော့ နောက်ကြောင်းပြန်မသွားနိုင်ဘူး (We are not going back) လို့ ကြွေးကြော်ချီတက်နေကြရင် ဒါဆို နင်တို့က ဘယ်သွားမှာလဲ (Where are you going then?) ဆိုပြီး အော်ဟစ်ပြီး မခံချင်အောင် ပြောကြသလို တစ်နေရာမှာတော့ လူဖြူနဲ့လူမဲအများစုကြားမှာ အာရှသား တစ်ယောက်ထဲ ဝင်ဒါရဲ့နာမည်နဲ့ဆိုင်းဘုတ်ကိုကိုင်ပြီး ချီတက်နေတဲ့မောင်ကျောင်းသားကို နင်က ဒီမှာ ဘာလာလုပ်နေတာလဲလို့ လှောင်တဲ့ လူဖြူတစ်ယောက်ကိုလည်း ကြုံရပါတယ် (သဘောကတော့ ဒါ နင့်နေရာမဟုတ်ဘူး၊ ပြန်ပါပေါ့လေ)။
၂နာရီနီးပါကြာတဲ့ချီတက်လမ်းလျှောက်ပြီး ဝါးတန်းထိုးထားတဲ့ ဆိုင်းဘုတ်ကြီးကိုင်ရလို့ နာကျင်တာမျိုးရှိပေမယ့် မောင်ကျောင်းသားရဲ့ပထမဆုံးသော အမေရိက၊ အနောက်အလယ်ပိုင်းဒေသရဲ့ အလုပ်သမားလူတန်းစားစစ်စစ်ကြားထဲက အတွေ့အကြုံမို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဝင်ဒါကတော့ မောင်ကျောင်းသားကို သူ့အတွက်လုပ်အားလာပေးတဲ့ တခြားမိတ်ဆွေတွေနဲ့ရော သူတို့ပါတီဝင်တွေနဲ့ကို မမောမပန်းနိုင် မိတ်ဆက်ပေးရှာပါတယ်။ အိုဟိုင်းယိုးပြည်နယ်ထဲမှာမှ အရှေ့တောင်ပိုင်း၊ ဟောကင်းတောင်တန်းဒေသဘေးက တောလို့လည်းမဆိုနိုင်၊ မြို့ပြလို့လည်းမတွင်တဲ့နေရာမလို့ သူတို့အတွက် ဆုံရခဲတဲ့ အာရှထဲကမှ မြန်မာပြည်ကကျောင်းသားကို တကူးတက စကားလာပြောကြ၊ မေးမြန်းကြ၊ စပ်စုကြ၊ ဖော်ရွေကြတာများ မြန်မာပြည်က နီပေါနဲ့နီးလားလို့ သူတို့သိတာကြိုးစားမေးသလို၊ (ဒေါ်) အောင်ဆန်းစုကြည်ကို ငါတော့ စိတ်ပျက်မိတယ်၊ ရိုဟင်ဂျာတွေအပေါ် သူမကြင်နာဘူးလို့လည်း ကမ္ဘာ့မီဒီယာကပြောတဲ့အချက်အလက်နဲ့ လာစပ်စုကြလည်း ရှိပါတယ်။ ဒီမြို့မှာ လာရိုက်သွားတဲ့ ရုပ်ရှင်သုံးကားရှိကြောင်း ကားနာမည်တွေရွတ်ပြပြီး ကြည့်ဖြစ်အောင်ကြည့်ပါဦးလို့ နယ်လ်ဆင်ဗီးလ်က ရဲအရာရှိကလည်း လာနှုတ်ဆက်စကား ပြောပါသေးတယ်။
ဝင်ဒါကတော့ မောင်ကျောင်းသားကိုအိမ်ပြန်ပို့ပေးတဲ့လမ်းမှာ သဘောကျ ကျေနပ်နေခဲ့ပါတယ်။ မောင်ကျောင်းသားကလည်း ပွဲမစခင်ကနေ ဆိုင်းဘုတ်ကိုင်ချီတက်နေတဲ့အထိ သူ့အတွက် မှတ်တမ်းအနေနဲ့ ပြန်သုံးလို့ရအောင် ဓာတ်ပုံကူရိုက်ပေးနေတာမလို့ ငါတော့ ကိုယ်ပိုင် Communication သမား တစ်ယောက်ရလိုက်သလိုပဲလို့လည်း ထုတ်ဖော်အသိအမှတ်ပြုရှာပါတယ်။ ဒီအတွေ့အကြုံကို ဘယ်လိုထင်လဲလို့ စာပြန်မေးသေးတာပါ။ ကားပေါ်ကဆင်းခါနီးမှာတော့ အင်မတန်ကြင်နာတဲ့စကားကို ဝင်ဒါက မောင်ကျောင်းသားရဲ့မာတာမိခင်အတွက်ပါ ပါးလိုက်ပါတယ်။
ငါတို့ဓာတ်ပုံတွေ နင့်အမေဆီ ပို့ပြီး ပြောလိုက်ပါ။ နင်ဒီမှာ တစ်ခုခုဖြစ်ရင် ကြက်စွပ်ပြုတ်လာပို့ပြီး ကြည့်မယ့်သူ ရှိပြီ၊ ငါအရင်ကလည်း ငါ့ကျောင်းသားတွေအတွက် လုပ်ပေးဖူးတယ်၊ နင် အစားထိုးအမေတစ်ယောက်လို ရနေပြီလို့ ပြောလိုက်ပါတဲ့။ နင့်အမေ စိတ်ချမ်းသာအောင်တဲ့။ ငါ့သမီးအငယ်ကို တက္ကသိုလ်ပထမဆုံးလိုက်ပို့တုန်းက အပြန်လမ်းမှာ ကားတောင် မမောင်းနိုင်လောက်အောင် ငါငိုဖူးလို့ အမေတွေ သားသမီးနဲ့ခွဲရတာ ဘယ်လိုခံစားရလည်း ငါကောင်းကောင်းသိတယ်တဲ့။
မာတာမိခင်ကို မပြောပြနိုင်ခင် အိမ်ကိုလွမ်းနေဆဲ၊ အစားအသောက်တွေ တမ်းတနေဆဲမို့ မောင်ကျောင်းသားတောင် သူ့အကြင်နာစကား ဟက်ထိပြီး မျက်ရည်တောင်ဝဲလို့ မငိုမိအောင် မနဲထိန်းလိုက်ရပါတယ်။ ဒါကြောင့်လည်း အမတ်လောင်း ဝင်ပြိုင်နိုင်နေတာပေါ့လေ။
ဒီမျှသာ
မောင်ဆိုင်မွန်
၂၀၂၄ခုနှစ်၊ သြဂုတ်လ ၂၁ ရက်
အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ)
Friday, August 2, 2024
မောင်ကျောင်းသား ၃ - ကြင်နာတတ်တဲ့သူစိမ်းတွေ
ဒီစီကနေ လေယာဉ် ၁နာရီခွဲစီး၊ လာကြိုတဲ့ကားလေးနဲ့ နောက်ထပ် ကုန်းလမ်းခရီး ၂နာရီနီးပါးစီးပြီး ခရီးဆုံးဖြစ်တဲ့ ကျောင်းရှိရာတောမြို့လေးရောက်တော့ လူက အတော်နွမ်းနေပြီ။ နေ့လည်စာလည်း ဟုတ်တိပတ်တိမစားလိုက်ရပဲ လွတ်ထားတယ်လေ။ ဒါနဲ့ ခဏနားပြီး အနီးအနားက စားသောက်ဆိုင်မှာ ညစာသွားစားတော့ စားပွဲထိုးက ဒီအဖိုးကြီးအဖွားကြီးစုံတွဲဘေးကပ်လျက်စားပွဲမှာ နေရာချပေးပါတယ်။ စားနေရင်းကုန်ခါနီး အချိုပွဲဘာမှာအုံးမလဲ လာမေးလေတော့ ဘာမှာရမယ်မှန်းလည်းမသိတာနဲ့ (တကယ်က အချိုပွဲစားဖို့ ရည်ရွယ်ချက်လည်းမရှိလို့ Menu လာပေးကတည်းကလည်း မကြည့်ထားမိ။ မောင်ကျောင်းသားလေ။ ဘေးကစုံတွဲလို အဆာပြေ-အဓိကဟင်းပွဲကြီး-အချိုပွဲ အဆင့်ဆင့်စားဖို့ တတ်လည်းမတတ်နိုင်၊ မြန်မြန်ဗိုက်ဝတာစားပြီး လစ်မလို့ ကြံထားတာမို့) နင်အကြံပေးကြည့်၊ ဒီမှာအချိုပွဲဘာကောင်းလဲလို့ ကိုယ့်အမှုကို စားပွဲထိုးပြန်ပတ်လိုက်ပေမယ့် သူကလည်း တစ်မယ်ချင်းရှင်းပြပြီး ဘေးကစုံတွဲစားတဲ့ ပန်းသီးယိုအကြွပ်ကြော်နဲ့ရေခဲမုန့် ကတော့ လူကြိုက်အများဆုံးပဲဆိုပြီး ညွှန်းလေတော့ သဘောမနောဖြူသူ ဘေးကစုံတွဲကလည်း အရောက်ဝင်ပို့ရှာတယ်။
"ဟုတ်တယ်။ အရမ်းကောင်းတယ်။ နင်စားကြည့်လိုက်။ ကောင်းချက်က လူသတ်သမားလိုပဲတဲ့။" (သဘောကတော့ အရသာက ကောင်းလွန်းလို့ လူတောင်သေနိုင်တယ်ပေါ့)။ သူ့ဟာသ သဘောကျပြီး ဒါဆို ငါလည်း မြည်းကြည့်မှလို့ ဆိုပြီး တစ်ပွဲမှာချလိုက်တယ်ဆိုပါတော့ (ဒီလောက်ညွှန်းနေကြတော့ ရေလိုက်ငါးလိုက်လုပ်ရတဲ့သဘော၊ စိတ်ထဲကတော့ ခုတော့ မှာလိုက်မယ်၊ နက်ဖြန်တော့ Seven-Eleven က စျေးသက်သာတာစားပြီး စရိတ်ကာလိုက်ရင် ရတာပဲပေါ့)။
ဒါနဲ့ သူတို့နဲ့အပြန်အလှန်မိတ်ဆက်၊ အာလာပသလ္လာပပြောရင်း ကျောင်းလာတက်တဲ့ကျောင်းသား၊ ရောက်တာ ၁နာရီလောက်ပဲရှိမှန်းသိသွားလေတော့ မဆီမဆိုင် သူတို့မှာ အားတွေနာ၊ တောင်းပန်ရှာ။ ခုမှရောက်တဲ့သူမှန်းမသိပဲ ဒီမှာပဲအနေကြာနေတဲ့သူထင်လို့ စောစောကတည်းက စကားမပြောမိတာ ဆောရီးပါ၊ ငါတို့က မကြိုဆိုသလိုဖြစ်သွားတယ်တဲ့။ (တကယ်က သူတို့ချင်း ညစာစားရင်း ထွေလာလေးပါးပြော ရှိနေတဲ့အခိုက်အတန့်လေးပျော်နေပုံရလို့ ပြောသမျှလိုက်နားထောင်မိသလိုဖြစ်မှာစိုးတာနဲ့ နားကြပ်တပ်နေ နေတာ)။ အဘွားကြီးနဲ့စကားပြောနေတုန်း အဖိုးကြီးက လှစ်ခနဲပျောက်သွား။ ပြီးမှ ပြန်လာပြီး နင့်ညစာဖိုး ငါတို့ရှင်းလိုက်တယ်။ ကြိုဆိုတဲ့အထိမ်းအမှတ်ပေါ့တဲ့။ စာလည်းသင်၊ ပျော်စရာတွေလည်း လုပ်ပါ။ ငါတို့မြို့မှာ ပျော်ပါစေတဲ့။ နှုတ်ဆက်ပြီး အရင်ပြန်သွားတယ်။
ပန်းသီယိုအကြွပ်နဲ့ရေခဲမုန့်ကို တစ်ဇွန်းချင်းအရသာခံစားရင်း သူစိမ်းတွေရဲ့အကြင်နာတရားကို အံ့လည်းအံ့ဩ၊ ပီတိသောမနဿဖြစ်မဆုံးပေါ့။ Culture Shock လို့ဆိုရင် အများစုက အလေ့အကျင့်ကွဲလွဲတဲ့ယဉ်ကျေးမှုကို နဖူးတွေ့ဒူးတွေ့ကြုံရတာမျိုးမို့ ကောင်းတာတွေလည်းရှိသလို၊ မကောင်းတာတွေလည်း အများကြီးပါ။ ဒီလိုပံ့သကူမေတ္တာကို သူစိမ်းတွေဆီကနေ မထင်မှတ်တဲ့အချိန်ရလိုက်တဲ့ Culture Shock ကတော့ မောင်ကျောင်းသားအတွက် ဘယ်တော့မှ မမေ့နိုင်တော့မှာမဟုတ်။ ဆုံးသွားတဲ့ အဖိုးအဖွားလည်း အထူးတလည် သတိရသွားတဲ့ညနေခင်း။ (သူတို့ရှိစဉ်က မိသားစု၃ဦးပဲရှိတဲ့အိမ်မှာ နေ့တိုင်း ထမင်းဟင်းအပိုထည့် ချက်တာမျိုး။ ရည်ရွယ်ချက်ကတော့ ဆွမ်းဟင်းလောင်းရင်း၊ အိမ်ကိုလာတဲ့ ဧည့်သည်တွေလည်း စားလို့ရအောင်တဲ့။ ကျနော့်အဖိုးအဖွားက အနှိပ်သည်တောင် ထမင်းကျွေးပြီးမှ ပြန်လွှတ်တာ)။
ညစာကျွေး၊ ကြိုဆိုနှုတ်ဆက်သွားတဲ့ ပင်စင်စားစုံတွဲနာမည်ကတော့ ဘီးလ်(ဝီလီယံ)နဲ့စန္ဒီပါ။ Perfect strangers လို့တင်စားချင်ပါတယ်။ မောင်ကျောင်းသားရဲ့ပညာသင်ခရီးကို အမှတ်တရနဲ့အစပြုခွင့်ပေးလို့ ကျေးဇူးပါ ဘီးလ်နဲ့စန္ဒီ။
ဒီမျှသာ။
မောင်ဆိုင်မွန်
၂၀၂၄ ခုနှစ်ဩဂုတ်လ ၂ရက်
အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ)
Monday, July 29, 2024
မောင်ကျောင်းသား ၂ - အသစ်နဲ့အဟောင်း ဒွေးရောယှက်တင်
အကျွမ်းတစ်ဝင်မရှိဖူးတဲ့နေရာသစ်၊ စနစ်သစ်မှာ အရာအားလုံးက အကုန်အသစ်ပေမယ့် စိတ်ကတော့ ပူမနေတာ ကိုယ့်ဘာသာ သတိထားမိတော့ ငယ်ငယ်က အမေ့သူငယ်ချင်းဆရာမပေးတဲ့မှတ်ချက်ကို ပြန်သတိရမိတယ်။
အလယ်တန်းလောက်တုန်းက ခင်ညွှန့်ရဲ့ မာတီမီဒီယာအတန်းဂျင်း ကျွေးခံရတဲ့အချိန်ပေါ့ (အဲ့တုန်းကတော့ နယ်မြို့ဆိုတော့ ဒီလို အသစ်အဆန်းကို ထိတွေ့ခွင့်ရဖို့ အင်မတန်ရှားသေးတယ်၊ ဂျင်းမှန်းလည်း မသိတော့ အင်မတန် စိတ်ဝင်စားပြီး ကွန်ပျူတာကို ကိုင်ဖူးချင်တာ) တစ်ကျောင်းလုံးအတွက် IBL computer ကလည်း ၃ လုံးပဲရှိတယ်။ တစ်လုံးက သုံးမရ။ ၂ လုံးနဲ့ပဲ စာစီစာရိုက် လုပ်ရတာ။ ပြီး အဲ့ဒီ တစ်ခန်းပဲ အဲကွန်းရှိတယ်။ Window 98 version သုံးရတာလို့ မှတ်မိတယ်။ Monitor ကလည်း ခုလို flat မဟုတ်ပဲ အကြီးကြီး။ ပြီးရင် ဖန်မျက်နှာပြင်ကလည်း ကြည်လင်မနေပဲ မှိတ်တုပ်မှိတ်လုပ် လိုင်းတွေ ပြေးနေသေးတယ်။ ကွန်ပျူတာဆရာမက ဒါကို monitor လို့ခေါ်တယ်၊ mouse လို့ခေါ်တယ်၊ keyboard လို့ခေါ်တယ် ကနေ စ သင်ရတာ။ ပြီးမှ စာစီစာရိုက်၊ ပါဝါပွိုင့်ကို animation လေးတွေထည့်တာ ဘာညာပေါ့။ အဲ့လိုလေး သင်ရတာတောင် ကြိုက်လွန်းလို့ရူးခါနေတာပဲ။ အိပ်မက်တွေထဲတောင် ထည့် မက်တယ်။ ပြီးတော့ အတန်းထဲကျောင်းစာမသင်ချင်ဘူး၊ တချိန်လုံး ကွန်ပျူတာခန်းပဲ စိတ်ရောက်။ ဆရာမ ဘယ်အချိန် စာခေါ်ရိုက်ခိုင်းမလဲပဲ မျှော်နေတာ။ အဖေကတော့ ကျနော် ရူးတာသိလို့ တစ်ကျောင်းလုံးမှာ တစ်အုပ်ပဲရှိတဲ့ ဆရာမရဲ့ “အခြေခံကွန်ပျူတာလက်စွဲ” ဆိုတဲ့ စာအုပ်ကိုငှါးပြီး ဘေးကပ်လျက်မြို့မှာ မိတ္တူသွားစွဲပေးတယ်။ အဲ့ဒါအတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ အားနေ အဲ့စာအုပ်ကိုပဲ ဖင်တစ်ပြန်ခေါင်းတစ်ပြန် ဖတ်နေတာ အကုန်အလွတ်ရသလောက်ပဲ။
စကားပြန်ကောက်ရရင် အဲ့လို ကွန်ပျူတာကိုင်ဖို့ အရွေးခံရတဲ့ ၃-၄ ယောက်လောက်ပဲရှိတယ်။ အဲ့ဒါတွေလုပ်ရတာရူးလောက်အောင် ကြိုက်ပေမယ့်လည်း အင်မတန်ကို တက်ကြွ (ခုစကားနဲ့ဆို Hyper ဖြစ်) နေတာမျိုး မရှိနေခဲ့ဘူး။ အမေ့သူငယ်ချင်းဆရာမက အိမ်လာလည်တော့ “နင့်သားက အေးဆေးလွန်းနေတယ်။ သူများလို အရင်ဦးဆုံး လုပ်ချင်တယ် ဘာညာလည်း သိပ်မရှိဘူး။ သင်ခန်းစာအသစ်သင်လည်း အရင်ဆုံးပြန် စမ်းလုပ်ကြည့်ချင်တဲ့အထဲလည်း မပါဘူး။ နောက်ဆုံးမှ လုပ်ရလည်း သူအဆင်ပြေတယ်။” ဆိုပြီး မှတ်ချက်ပေးဖူးတယ်။
ခုလည်း နိုင်ငံသစ်ရောက်စမှာ ဘဏ်ကဒ်အသစ်လုပ်ရတာကစလို့ စျေးဝယ်တာအလယ် ကျောင်းက ဝင်္ကဘာလိုပွေလီရှုပ်ထွေးတဲ့ ဝက်ဘ်စာမျက်နှာတွေမှာ လိုအပ်တာတွေ ဖတ်ရ၊ ဖြည့်ရ၊ တင်ရတာတွေအဆုံးမှာ အရာရာအသစ်တွေဖြစ်နေပေမယ့်လည်း ဦးဆုံးစမ်းလုပ်ကြည့်တာ၊ အရင်ပြီးချင်တာမျိုး သိပ်မရှိဘူး။ အချိန်တန်လုပ်လို့ ပြီးရင် ပြီးတယ်ပဲ စိတ်က ရှိတာမျိုး။ နောက်မှလုပ်တော့လည်း ရှေ့လူတွေကြုံရတဲ့အမှားတွေရှောင်လို့ ရတယ်ပဲ စိတ်ထဲရှိတာ။ Personality ဆိုတာ ပြောင်းလဲနိုင်ပေမယ့် ငယ်ဘဝကနေ အသက်အရွယ်ကြီးသည်ထိ တချို့အရာတွေကလည်း connecting the dots (ဘဝရဲ့အစိတ်အပိုင်းလေးတွေအားလုံးက ဒွေးရောယှက်တင် ဆက်စပ်နေတာ) မျိုးခံစားမိလို့ပါ။
နာရီ ၂၀ နီးပါး အာရှကနေ ကမ္ဘာ့အနောက်မြောက်ဖက်ကို နောက်ကြောင်းပြန်ပတ်တဲ့ခရီးကြောင့်ရယ်၊ ကမ္ဘာ့စံတော်ချိန်တွေကို တစ်ခုပြီးတစ်ခုဖြတ်လာခဲ့တာရယ်နဲ့ နေ့ညတွေမှား၊ လေယာဉ်တောက် (Jet lag)၊ ခေါင်းတွေမူးနောက် နေသေးပေမယ့် အတွေးတွေတော့များနေနိုင်သေးတာပေါ့။ ဘာတီမောလ်ရဲ့ ညနေခင်းကို ခဏဖြတ်သန်းပြီး ဝါရှင်တန်ဒီစီကိုပြန်လာတဲ့ ရထားပေါ်မှာတွေးမိတဲ့အတွေး တွေပါ။ အသစ်အဆန်းတွေကို မြင်ရကြုံရတိုင်း မိသားစုကိုမျှဝေချင်တဲ့စိတ်နဲ့ အိမ်လွမ်းစိတ်ကတော့ ရှိနေသည့်တိုင် နောက် ၃-၄ရက်ကြာတဲ့အခါ သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပြီး ကိုယ့်ကျောင်းရှိရာ ပြည်နယ် ကိုယ်သွားရမယ့်အချိန်ကြမှ လွမ်းရတာတွေ ပိုသည်းတော့မယ် ထင်ပါတယ်။
ဒီမျှသာ။
မောင်ဆိုင်မွန်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်
ဝါရှင်တန်ဒီစီ (ခေတ္တ)
Thursday, June 27, 2024
မောင်ကျောင်းသား (၁) - ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်
ပြီးခဲ့တဲ့တစ်နှစ်နီးပါး ပညာသင်ဆုရွေးချယ်ခံရတယ်လို့ လျှပ်ချောစာလက်ခံရတဲ့အချိန်ကစပြီး ဒီမောင်ကျောင်းသားဘဝကို အမျိုးမျိုးပုံဖော်ပြီး စိတ်ကူးယဥ်ခဲ့ဖူးပါတယ်။ စာလိုက်နိုင်တဲ့မောင်ကျောင်းသားအဖြစ်တင်မဟုတ်ပဲ ကိုယ်စိတ်နှစ်ပါးကျန်းမာတဲ့မောင်ကျောင်းသားဖြစ်ဖို့ရော၊ တန်းတူရေးကို တတ်နိုင်သမျှကျင့်သုံးနိုင်တဲ့ မောင်ကျောင်းသားဖြစ်ဖို့ရော၊ ပိုပြီးပွင့်လင်းလွတ်လပ်တဲ့မောင်ကျောင်းသားဖြစ်ဖို့ရော ကြိုးစားရမယ်ဆိုတဲ့ စိတ်ခိုင်ကျည်းမှုကတော့ အုတ်မြစ်ချထားခဲ့ပြီး ဖြစ်ပါတယ်။
Friday, April 5, 2024
မိုင်တိုင် ၃၂
အရင်နှစ်တွေက မွေးနေ့ဆို တခုခုတော့ အမှတ်တရ စာရေးတယ်။ အသက်ပိုကြီးလာရင် ငါ ဒီအရွယ်တုန်းက ဒီလိုတွေးခဲ့ပါလားလို့ သတိရအောင်လို့။ ခုနှစ်က မွေးနေ့မတိုင်ခင်ကတည်းက နေမကောင်းတာရယ်၊ ဗာဟီရကိစ္စတွေမျိုးစုံရယ်နဲ့ စိတ်မအားနေတာနဲ့ ဘာမှ မရေးချင်နေလို့ မရေးဖြစ်ပေမယ့် ကိုယ့်အကြောင်းကိုယ်တော့ သွားလာလုပ်ကိုင်ရင်း စဉ်းစားမိတာတွေအများကြီးရှိပါတယ်။
Thursday, April 4, 2024
ဆန္ဒပြမဲ (Protest Vote) တွေ ရင်ဆိုင်နေရတဲ့ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ မှာလုပ်မယ့် အထွေထွေရွေးကောက်ပွဲအကြို ပါတီတွင်းသမ္မတလောင်းရွေးပွဲတွေမှာ ၂ဖက်ပါတီရဲ့ သမ္မတလောင်းတွေအဖြစ် ဝင်ပြိုင်နေကြတဲ့ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်က ဆန္ဒပြမဲ (Protest Vote)တွေရင်ဆိုင်နေကြရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲက ၄နှစ်ကိုတခါ နိုဝင်ဘာလရဲ့ ပထမဆုံး င်္အဂါနေ့မှာ ကျင်းပပါတယ်။
“တစ်ဖက်က (ဘိုင်ဒင်က) သက်ကြီးရွယ်အို ဒါပေမယ့် အရည်အချင်းရှိတယ်၊ မေတ္တာတရားပြည့်ဝတယ်၊ ပြည်သူကို ဂရုစိုက်တယ်။ နောက်တစ်ဖက်က (ထရမ့်) ကလည်း သက်ကြီးရွယ်အိုပဲ ဒါပေမယ့် အမှု ၉၁ မှုလောက်နဲ့ ရင်ဆိုင်နေရတာ။ အဲ့ ၂ယောက်ကို လူတွေဘာလို့ ခက်ခက်ခဲခဲရွေးချယ်နေရလည်း ကျမတော့ နားမလည်ဘူး။”
Thursday, March 7, 2024
🌸 🌸 🌸 Happy International Women's Day! 🌸 🌸 🌸
Women contribute everywhere, literally everywhere - at home, schools, hospitals, garment factories, all kinds of businesses small to giant, or in any political resistance towards change, and many more. However, their efforts are often overlooked, and they never get the recognition they deserve.
Why Us – All the Time?
This is the question I ask myself these days - why me and why us all the time? In November 2020, as COVID-19 restrictions eased just a litt...

-
To my grandmother, who always stood by my side, and to my mother, who loves me unconditionally, this write-up is dedicated to you both. Thr...
-
အကျွမ်းတစ်ဝင်မရှိဖူးတဲ့နေရာသစ်၊ စနစ်သစ်မှာ အရာအားလုံးက အကုန်အသစ်ပေမယ့် စိတ်ကတော့ ပူမနေတာ ကိုယ့်ဘာသာ သတိထားမိတော့ ငယ်ငယ်က အမေ့သူငယ်ချင်းဆရာမပ...