ဒီနေ့ အသက်နောက်တစ်နှစ်ကြီးပါတယ်။ မွေးနေ့တိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြတ်သန်းဖြစ်ပေမယ့် ဒီနှစ်ကတော့ ကိုဗစ်-၁၉ ကျေးဇူးနဲ့ အတိတ်ဆိတ်ဆုံး ဖြတ်သန်းဖြစ်ပါတယ်။ အမေနဲ့အဖေကို ဖုန်းခေါ်ကန်တော့ဖြစ်ပါတယ်။ မေမေလှ (အဘွား)ကိုလည်း သတိရမိပါတယ်။ မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးကြတဲ့ အပေါင်းအသင်းတွေနဲ့ ချစ်ခင်ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်ခက်ခဲချိန်တိုင်းမှာ စာတိုလေးနဲ့ဖြစ်ဖြစ်၊ စကားလေးတစ်ခွန်းနဲ့ဖြစ်ဖြစ် အားပေးတာကစလို့ ငွေရေးကြေးရေးအဆုံး ကူညီဖူးသူအားလုံးရဲ့ကျေးဇူးကို ဒီနေ့ ပိုအောက်မေ့မိပါတယ်။ အခွင့်ကြုံရင်ဆပ်ဖို့ စိတ်ရော၊ လူရော အဆင်သင့်ဖြစ်နေအောင် ကြိုးစားပါ့မယ်။ မွေးနေ့သန္နိဌာန်ကတော့ အရင်နှစ်တွေလိုပါပဲ။ ဘာတွေပဲကြုံရကြုံရ ရှင်သန်နိုင်အောင် ကြိုးစားနေပါမယ်။ ဒါတစ်ဘဝလုံးစာအတွက် လုံလောက်မယ်ထင်ပါတယ်။
Passionate reader, Coffee enthusiast, and Communicator. Stand up for democracy, humanity, and equality.
Tuesday, March 31, 2020
Sunday, March 29, 2020
သမီးရဲ့ဖေဖေ
ကိုဗစ်ကြောင့် အပြင်မထွက်ရတော့ လျှောက်တွေးဖို့ ပိုအချိန်ရတယ်။ ဒီနေ့တော့ ငါ့မှာသမီးလေးတစ်ယောက်ရှိရင်လို့ စိတ်ကူးယဉ်မိတာ။ ဘယ်က စတွေးမိမှန်းတောင် မသိပါဘူး။ ကိုယ့်သမီးကို ဘယ်လို မြင်ချင်လဲလို့ အမျိုးမျိုး စိတ်ကူးကြည့်တဲ့အခါ သမီးကို လူသားဆန်စေချင်တယ်၊ လူပီသစေချင်တယ်လို့ပဲ နောက်ဆုံးအဖြေထွက်တယ်။ ကိုယ်ချင်းစာတရားရှိရမယ်။ အမှားတွေလုပ်မိဖို့ မကြောက်တတ်စေချင်ဘူး။ ဖခင်တစ်ယောက်အတ္တနဲ့ ဖြစ်စေချင်တာမျိုးကတော့ သမီးကို အနုပညာကို ခံစားတတ်တဲ့သူ ဖြစ်စေချင်တယ်။ နောက်ပြီး သမီးက သူ့အပေါ်မှာ မတရားမှုတခုခု ဖြစ်လာရင် ဆိတ်ငြိမ်မနေပဲ တစ်နည်းနည်းနဲ့ တွန်းလှန်တတ်စေချင်တယ်။ အရေးအကြီးဆုံးက သမီးက သူ့အဖေကျနော့်ကို တခြားနာမ်စားတွေထက် ဖေဖေလို့ပဲ ပီပီသသ ခေါ်ရမယ်။ ဖခင်တစ်ယောက်အနေနဲ့ ပေးနိုင်တဲ့ကတိကတော့ သမီးက ကျနော့်ကြောင့် ဘယ်တော့မှ ဘာအကြောင်းကြောင်းနဲ့မှ စိတ်မလုံမခြုံ မခံစားစေရဘူး။ မရှိသေးတဲ့သမီးကို ခုကထဲက ချစ်မိနေပြီ။
Saturday, March 21, 2020
ကျနော်နဲ့ အိမ်တွင်းလုပ်ငန်းခွင် (Working from Home @ WFH)
![]() |
ကိုဗစ်၁၉ ကြောင့် အိမ်ကနေအလုပ်လုပ် (Working from Home-WFH) တဲ့ အလေ့အထက နောက်ဆိုလည်း ပို တွင်ကျယ်မယ် ထင်တယ်။ ကျနော်တော့ မဖြစ်သာတဲ့အခြေအနေမှပဲ အိမ်မှာအလုပ် လုပ်ရတာ ကြိုက်တယ်။ ကျနော်အလုပ်လုပ်နေတဲ့ ခုရုံးဆို အရင်ကထဲက WFH မူဝါဒ ရှိပါတယ်။ တခြားသူတွေနဲ့ အစည်းဝေးတွေလုပ်ဖို့မလိုပဲ ကိုယ့်ဘာသာ အာရုံစူးစိုက်လုပ်ရမယ့် အလုပ်မျိုး လုပ်ဖို့ရှိရင် ဒါမှမဟုတ် သိပ်နေလို့မကောင်းလို့ အိမ်ကနေပဲ နားနားနေနေ သက်တောင့်သက်သာ လုပ်ချင်တဲ့ အခြေအနေမျိုးတွေမှာ အိမ်ကနေပဲ လုပ်လို့ရတယ်။ လူကတော့ အွန်လိုင်းပေါ်ရှိနေရမှာပေါ့။ ဒီလိုလုပ်ဖို့လည်း ရှည်ရှည်ဝေးဝေး ခွင့်ပြုချက်တွေ သိပ်မလိုဘူးရယ်။ ကိုယ့်အထက်လူကြီးကို ငါတော့ ဒီနေ့အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတာ အကြောင်းကြားပြီး အတူတူဆက်စပ်လုပ်နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း အသိပေးလိုက်ရင် ရပြီ။
WFH ရဲ့ အားသာချက်က ကလေးမိဘဖြစ်နေတဲ့၀န်ထမ်းတွေအတွက် အထူးသဖြင့် ကောင်းတယ်။ တခုခုဆို ရုံးအလုပ်လည်းမပျက်၊ ခွင့်တွေလည်းမလျော့ပဲ အားလုံးအဆင်ပြေတဲ့အခြေအနေ ဖန်တီးနိုင်တယ်။ အိမ်နေရင်းအ၀တ်အစားနဲ့ သက်တောင့်သက်တာ လုပ်နိုင်တယ်။ ရုံးသွားရုံးပြန်အချိန်တွေ ပိုထွက်လာတော့ အချိန်ကို ပိုစီမံလို့ရတယ်။ ရုံးချိန်နီးမှ ကွန်ပျူတာလေးကောက်ဖွင့် အင်တာနက်ချိတ် ထိုင်လုပ်ရုံပဲ။
ကျနော်ကိုယ်တိုင်ကတော့ WFH လုပ်ရတာ သိပ် မကြိုက်ဘူး။ မကြိုက်တာကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။ အိမ်မှာအလုပ်လုပ်မယ်ဆို ကျနော်ကိုယ်နှိုက်က အလုပ်မပြီးဘူး။ အချိန်ကို အီကြာကွေးဆွဲသလို ဆွဲနေတာ။ အလုပ် လုပ်နေရင်း မုန့်ထစားတာတို့၊ ဖုန်းကိုအကြာကြီး ကြည့်နေမိတာတို့ အဲ့လို အကြောင်းအရာမျိုးစုံနဲ့ အလုပ်မပြီးဘူး။ ပြီးတော့ ကျနော့်အကျင့်က အချင်းချင်းမေးဖို့မြန်းဖို့ ရှိနေရင် အီးမေးလ်ရေး၊ စကိုက်ပ်တို့ ဖုန်းဘာတို့ကနေ တစ်ဖက်လူပြန်အပြောကို စောင့်ရတာ သိပ်စိတ်မရှည်တတ်ဘူး။ လူချင်းတွေ့ မြန်မြန်လေးပြောပြီး အလုပ်လုပ်လိုက်ရတာ ပိုကြိုက်တယ်။ အချင်းချင်းလည်း ပိုရင်းနှီးတယ်။ နားလည်မှုလွဲတာတို့ဘာညာ သိပ်မဖြစ်ဘူးလည်း ထင်လို့။ မှတ်တမ်းထားဖို့လိုတဲ့ကိစ္စတွေ ဘာညာမှသာ အီးမေးလ် သေချာရေးတာ။ တခါတခါ အဲ့လိုရှည်ရှည်ဝေးဝေး ရေးပို့စရာတွေရှိရင် မလုပ်ချင်လို့ အချိန်ရွှေ့ရင်းရွှေ့ရင်း သတ်မှတ်ရက်နားနီးမှ ဝုန်းဒိုင်းဝုန်းဒီုင်းလုပ်ရတာတွေလည်း ဖြစ်တယ်။
ခုတော့ ကိုဗစ် (COVID19) ကျေးဇူးနဲ့ အိမ်မှာနေလုပ်ကို လုပ်ရမယ့် အခြေအနေပဲ။ အိမ်မှာနေတာက အန္တရာယ်အကင်းဆုံးဖြစ်နေတာကိုး။ ဒီ WFH အခြေအနေကိုလည်း တမျိုး စီမံကိုင်တွယ် တတ်ရဦးမယ်။ အလုပ်ပြီးမြောက်ဖို့ လုပ်ဖော်ကိုင်ဖက်ချင်း ပို စိတ်ရှည်ပေးရတာ၊ နားလည်ပေးရတာမျိုးတင်မကဘူး ကိုယ့်မိခင်ဘာသာစကားနဲ့မဟုတ်ပဲ ဒုတိယဘာသာစကားပြောပြီး လုပ်ရတဲ့အခြေအနေတွေမှာ (အချင်းချင်း မျက်နှာအမူအရာ သိပ်မမြင်ရပဲ) နည်းပညာအထောက်အကူတွေနဲ့ပဲ ပြောရတော့ ဆိုလိုရင်းမှန်တွေကို သေချာနားလည်အောင် ပို အားစိုက်ရတာမျိုးတွေ ရှိလာမယ်။ ဒါတွေကို လုပ်ငန်းခွင်ကလူတိုင်း သဘောပေါက်ပြီး အချင်းချင်း အကူအညီဖြစ်အောင် လုပ်တတ်ဖို့ လိုမယ်။ ဆိုလိုရင်းကတော့ WFH မှာလည်း လူတွေရဲ့ မတူညီတဲ့ အစွမ်းအစတွေ၊ ကျွမ်းကျင်မှုတွေ ပို သုံးရပါလိမ့်မယ်။ မေတ္တာတရားလေးနည်းနည်းအစစ်ပိုထည့်ပြီး လုပ်ကိုင်နိုင်ကြရင် ဒီအခြေအနေတွေ အားလုံးကျော်ဖြတ်နိုင်မယ် ထင်ပါတယ်။
အိမ်ကနေ အလုပ်လုပ်လို့မရတဲ့ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲခန်းနဲ့ ဆေးဖက်ဆိုင်ရာ၀န်ထမ်းတွေ၊ မီးသတ်ရဲဘော်၊ ရဲ၀န်ထမ်းတွေ၊ ပုံထဲကလို လေယာဉ်နဲ့ စက်တပ်ယာဉ်တွေမောင်းတဲ့သူတွေရဲ့ အခန်းကဏ္ဍတွေကလည်း အလွန်အရေးပါတာ ခုလို အရေးပေါ်အခြေအနေမှ ပို နားလည်မိပါတယ်။
ပိတ်ရက်ဆိုတော့ တွေးမိတာတွေ ချရေးဖို့အချိန်ရတုန်း ရေးပြီး မှတ်တမ်းထားတာပါ။
Subscribe to:
Posts (Atom)
The Choices
Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...
-
This is the question I ask myself these days - why me and why us all the time? In November 2020, as COVID-19 restrictions eased just a litt...
-
ပြီးခဲ့တဲ့အပတ်က ချီကာဂိုမှာ ပြတိုက် ၂ခု အလည်သွားခဲ့တာမှာ စိတ်ထဲမှတ်မှတ်ရရရှိပြီး ဆက်စပ်ခံစားလို့ရခဲ့တဲ့ ပြခန်းတစ်ခုအကြောင်း အမှတ်တရ တို့ထားခ...
