Thursday, April 4, 2024

ဆန္ဒပြမဲ (Protest Vote) တွေ ရင်ဆိုင်နေရတဲ့ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်

 လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ မှာလုပ်မယ့် အထွေထွေရွေးကောက်ပွဲအကြို ပါတီတွင်းသမ္မတလောင်းရွေးပွဲတွေမှာ ၂ဖက်ပါတီရဲ့ သမ္မတလောင်းတွေအဖြစ် ဝင်ပြိုင်နေကြတဲ့ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်က ဆန္ဒပြမဲ (Protest Vote)တွေရင်ဆိုင်နေကြရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲက ၄နှစ်ကိုတခါ နိုဝင်ဘာလရဲ့ ပထမဆုံး င်္အဂါနေ့မှာ ကျင်းပပါတယ်။

Protest Vote ဆိုတာ ရွေးကောက်ပွဲ (ဒါမှမဟုတ်) ဆန္ဒခံယူပွဲတွေမှာ နာမည်ပေါက် သမ္မတလောင်း ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့မကြိုက်ရင် ဒါမှမဟုတ် ဆန္ဒခံယူပွဲလုပ်တဲ့ အကြောင်းအရာဖြစ်စေ၊ နိုင်ငံရေးစနစ်တစ်ခုကိုဖြစ်စေ မကြိုက်ရင် လူထုက လိုအပ်တဲ့မဲအရေအတွက်တွေ မရအောင်လုပ်တာပါ။ မဲစာရွက်မှာ ဘာမှမဖြည့်ပဲ အလွတ်ထည့်လိုက်တာမျိုး၊ ပယ်မဲဖြစ်အောင် မဲစည်းကမ်းနဲ့မညီအောင် မဲပေးပြီး ဆန္ဒပြတာမျိုးပါ။ တချို့ နိုင်ငံက ရွေးကောက်ပွဲတွေမှာတော့ မဲစာရွက်ပေါ်မှာတင်vဝင်ပြိုင်တဲ့ သမ္မတလောင်း/ကိုယ်စားလှယ်လောင်းတွေကို တစ်ယောက်မှမကြိုက်ဖူးဆိုပြီး ဆန္ဒပြုလို့ရတဲ့အကွက် ထားပေးထားတာမျိုး ရှိပါတယ်။
ခု ဘိုင်ဒန်ရော ထရမ့်ရော ဒီလို စိန်ခေါ်မှုကို ရင်ဆိုင်နေရတာပါ။ ရင်ဆိုင်ရတာမှ Swing states လို့ခေါ်တဲ့ သူတင်ကိုယ်တင် အကျိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာမှ ဒီလိုဆန္ဒပြမဲတွေနဲ့ ယှဉ်ဆိုင်နေရတာ ဖြစ်ပါတယ်။ Swing States မှာနေတဲ့သူအများစုက ပါတီတစ်ခုအပေါ် အမာခံထားပြီး မဲပေးတာမျိုးမဟုတ်ပဲ ဝင်ပြိုင်တဲ့လူအပေါ်ကြည့်ပေးတာမျိုးပါ။ သဘောကတော့ သူတို့လက်ခံနိုင်တဲ့မူဝါဒရေးရာတွေကိုချပြ မဲဆွယ်တဲ့သူ၊ နောင် ၄နှစ်မှာ သူတို့ဘဝပိုကောင်းအောင်လုပ်နိုင်မယ်လို့ထင်တဲ့သူကို ပါတီစွဲသိပ်မကြည့်ပဲ ပေးကြပါတယ်။
ခုတော့ အမေရိကားရဲ့ အနောက်အလယ်ပိုင်းက swing states တချို့ဖြစ်တဲ့ ဝစ္စကောဆင်ပြည်နယ်နဲ့ မစ်ချီကန်ပြည်နယ်တွေမှာ ဒီလို ဆန္ဒပြမဲတွေ အများစု ပေးနေကြပါတယ်။ ဒီ ပြည်နယ် ၂ခုမှာ ဘိုင်ဒင်က ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲ ၂သောင်းကျော်လောက်နဲ့အသာစီးရပီး ထရမ့်ကို နိုင်ခဲ့တာပါ။ ခုတော့ အစ္စရေး-ဟာမက်စစ်မှာ အစ္စရေးဖက်ကို စစ်လက်နက်အထောက်အပံ့ပေးတာတွေ မရပ်လို့ ခုလိာ ဆန္ဒပြမဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နောက် ဒီပြည်နယ်တွေဟာ ဘွဲ့ဒီဂရီအဓိကမလိုတဲ့ သက်မှုဝမ်းကျောင်းအလုပ်တွေလုပ်တာများတဲ့ပြည်သူ အများစု နေထိုင်တဲ့ပြည်နယ်တွေ ဖြစ်ပါတယ်။ နောက် အာရပ်-အမေရိကန်အသိုင်းအဝိုင်းအများစုလည်း အခြေချကြတဲ့ပြည်နယ်တွေလည်း ဖြစ်နေလို့ပါ။
တစ်ဖက်မှာ ထရမ့်က ဆန္ဒပြမဲတွေရနေတဲ့ အကြောင်းရင်းကတော့ ရိပါပလစ်ကန်သမ္မလောင်းအဖြစ် သူ အတည်ပြုခံလိုက်ရတာကြောင့်ပါ။ အဓိက ကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့က ထရမ့်ကိုထောက်ခံတဲ့လူတွေက ၂၀၂၀ ရွေးကောက်ပွဲက မဲခိုးမဲလိမ်တယ်ဆိုပြီး လွတ်တော်ကို တက်စီး၊ ဖျက်ဆီးကြတဲ့ အကြောင်းရင်းက ခု ထရမ့် ဆန္ဒပြမဲရနေတဲ့အကြောင်းရင်းထဲက တစ်ခုပါပဲ။ ခုတော့ ထရမ့်လည်း ဒီကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ ပြည်နယ်တရားရုံးတွေက အမှု ၉၁ မှုလောက် စွဲချက်တင်ထားပါတယ်။ ထရမ့်ကို ဒီဆန္ဒပြမဲပေးတဲ့သူအများစုကလည်း ရီပါပလစ်ကန်ပါတီရဲ့ သမ္မတလောင်းရွေးကောက်ပွဲမှာ နောက်ဆုံးပိတ်အထိ ထရမ့်ကိုအရှုံးမပေးစတမ်းယှဉ်ပြိုင်သွားတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟေလီ ဖြစ်ပါတယ်။ သူ ထရမ့်ကိုအရှုံးပေးလိုက်ရသည့်တိုင် သူ့ကိုထောက်ခံတဲ့သူတွေက အနိုင်ရသူထရမ့်ကိုတော့ မဲမပေးနိုင်ဘူးဆိုတဲ့သဘောပါပဲ။
ကျနော်ကတော့ ဒီတစ်ခေါက် အမေရိကန်သမ္မတရွေးကောက်ပွဲက စိတ်လှုပ်ရှားစရာမကောင်းပဲ ကြောက်စရာပဲ ကောင်းတယ်လို့ပဲ​ ခံစားရပါတယ်။ လူဖြူ ခေါင်းဖြူအဖိုးကြီး ၂ယောက်ပဲ ပြန်ပြိုင်ဆိုင်ကြမှာမို့ သိပ်စိတ်အားတက်စရာမကောင်းပါဘူး။ သို့ပေသိ ယှဉ်ရွေးဆိုရင်တော့ ဘိုင်ဒင်ကိုပဲ နိုင်စေချင်ပါတယ်။ ထရမ့်စိတ်က အရူးသာသာလောက်ရှိတာလေ။ ၂ယောက်လုံးကိုမကြိုက်ပါဘူးလို့ ဆန္ဒပြမဲတွေပေးတဲ့သူတွေကတော့ အလွန်မဟုတ်ပါဘူး။ ဒီမိုကရေစီမှာ ကိုယ်အသံကိုကြားအောင် နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ရတာပါပဲ။ ဆန္ဒပြမဲရဲ့သဘောကတော့ ငါ့မဲကိုလိုချင်ရင်၊ ငါ့ရဲ့သမ္မတဖြစ်ချင်ရင် ငါတန်ဖိုးထားတဲ့အရေးကိစ္စတွေကို နင် ဂရုစိုက်ရမယ်လို့ သွယ်ဝိုက်တဲ့နည်းနဲ့ သတင်းစကားပါးလိုက်တာပါပဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ အစ္စရေးကို အပစ်အခတ်ရပ်အောင် ဘိုင်ဒင်ကဖိအားပေးနိုင်ရင်၊ ပါလက်စတိုင်းကို ပိုအကူအညီရအောင် ကြိုးပမ်းပေးနိုင်ရင်တော့ မဲတွေ သူ့ဆီ ပြန်ရောက်လာနိုင်ပါတယ်။ ခုတော့ ဘိုင်ဒင်က သူ့ကိုသာ သမ္မတဖြစ်အောင် မဲထပ်ပေးပါ။ ထရမ့်လက်ထက်မှာ ဖျက်သိမ်းခဲ့တဲ့ အမျိုးသမီးတွေ (မလိုချင်ရင်) ကိုယ်ဝန်တရားဝင်ဖျက်ချခွင့်ကို ဖွဲ့စည်းပုံအခွင့်အရေး ပြန်ဖြစ်အောင် ကြိုးစားပေးမယ်ဆိုပြီး အမျိုးသမီးတွေကို ဦးတည်ပြီး မဲဆွယ်နေပါတယ်။
၂၀၁၆ ရွေးကောက်ပွဲမှာ ထရမ့်ကို ရှုံးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကတော့ ပြီးခဲ့တဲ့ရက်ကပဲ အင်တာဗျူးတစ်ခုမှာ
“တစ်ဖက်က (ဘိုင်ဒင်က) သက်ကြီးရွယ်အို ဒါပေမယ့် အရည်အချင်းရှိတယ်၊ မေတ္တာတရားပြည့်ဝတယ်၊ ပြည်သူကို ဂရုစိုက်တယ်။ နောက်တစ်ဖက်က (ထရမ့်) ကလည်း သက်ကြီးရွယ်အိုပဲ ဒါပေမယ့် အမှု ၉၁ မှုလောက်နဲ့ ရင်ဆိုင်နေရတာ။ အဲ့ ၂ယောက်ကို လူတွေဘာလို့ ခက်ခက်ခဲခဲရွေးချယ်နေရလည်း ကျမတော့ နားမလည်ဘူး။”
လို့ ဂျိုးဘိုင်ဒင်ဖက်က သာသာထိုးထိုး မဲဆွယ်သွားပါတယ်။
ဒီနေ့ တနေကုန် အလုပ်တွေဆက်နေတဲ့ကြားက အလုပ်လေးလုပ်လိုက်၊ ကြားချိန်လေးတွေမှာ ဂူးဂဲလ်ခေါက်လိုက်၊ သတင်းတွေ တစ်ခုပြီးတစ်ခု ကလစ်ဖတ်လိုက်နဲ့ ခေါင်းထဲစုမိသွားတာတွေကို ချရေးထားလိုက်ပါတယ်။



No comments:

Post a Comment

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...