Monday, July 7, 2025

ချီကာဂို ခေတ်ပြိုင်အနုပညာပြတိုက်: Wafaa Bilal (ဝါဖဲ ဘီလား) ပေးတဲ့ အတွေး

ပြီးခဲ့တဲ့အပတ်က ချီကာဂိုမှာ ပြတိုက် ၂ခု အလည်သွားခဲ့တာမှာ စိတ်ထဲမှတ်မှတ်ရရရှိပြီး ဆက်စပ်ခံစားလို့ရခဲ့တဲ့ ပြခန်းတစ်ခုအကြောင်း အမှတ်တရ တို့ထားချင်ပါတယ်။ ခေတ်ပြိုင်အနုပညာပြတိုက်မှာ ပြထားတဲ့ Indulge Me လို့ အမည်ရတဲ့ ပြခန်းပါ။ “ငါ့ကိုကြိုက်သလိုလုပ်ပါ” လို့ ပြကွက်သဘောအရ အနီးစပ်ဆုံး ဘာသာပြန်လို့ရမလား မှန်းကြည့်မိပါတယ်။ အနုပညာရှင်က Wafaa Bilal (ဝါဖဲ ဘီလား) ပါ။

အီရတ်မှာမွေး၊ ကြီးပြင်းပြီး အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူက အပြန်အလှန်ဖလှယ်လို့ရတဲ့ အင်တာနက်လို နည်းပညာအကူအညီနဲ့ သူရဲ့ အနုပညာပြကွက်တွေကို ဖန်တီးတဲ့သူပါ။ သူရဲ့ဖန်တီးမှုတွေက ကမ္ဘာ့နိုင်ငံရေး အထူးသဖြင့် ပဋိပက္ခတွေနဲ့မတည်ငြိမ်တဲ့ သူ့ဇာတိနိုင်ငံ အီရတ်နဲ့ ‘မကြောင့်မကြ​နေရာ (Comfort Zone)’ လို့သူ့အ​ခေါ် သူ့လက်ရှိနေထိုင်ရာအ​မေရိကန်ပြည်​ထောင်စုကြားက တင်းမာမှုတွေကို ဆဒမ်ဟူစိန် အာဏာရှင်အစိုးရသက်တမ်းနဲ့ အီရတ်ရဲ့ရှည်လျားတဲ့သမိုင်း​ကြောင်းကိုအ​ခြေပြုပြီး ခံစားဖန်တီးတာမျိုး​ပေါ့။
ပြခန်းမှာ ပထမ ၂ကွက်​လောက်ကို နားလည်သလိုလို၊ မလိုလိုရှိ​ပေမယ့် ၂၀၀၀ ပြည့်နှစ်အ​စောပိုင်းကာလ​တွေက ကွန်ပျူတာနဲ့ပြကွက်ကို​တွေ့​တော့ အ​ပြေးအလွှား ကြည့်မိ​ပါတယ်။ ဂိမ်း​ဆော့လို့ရ​အောင်လုပ်​ပေးထားတဲ့ ကွန်ပျူတာ​တွေပါ။ ဒီ အင်တာနက်ဂိမ်းက ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ရက်တိုက်ခိုက်မှုကို အီရတ်စစ်ပွဲနဲ့တုန့်ပြန်ခဲ့တဲ့ အ​မေရိကန်သမ္မတ ဂျော့ချ်ဘုရှ်ရဲ့​ခေါင်းကို သေနတ်နဲ့တည့်တည့်ချိန်ပစ်လို့ရတဲ့ ဂိမ်းပါ။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး ၂၀၀၃ ခုနှစ်မှာ အ​မေရိကားမှာအ​ခြေချ​နေထိုင်တဲ့ အစ္စလမ်မုန်းတီးတဲ့ ဒါရိုက်တာ Jesse Petrilla က ‘ဆဒမ်ကိုရှာ​ဖွေခြင်း’ လို့အမည်ရတဲ့ ဆဒမ်ဟူစိန်ကိုဂိမ်းကစားပြီး လက်စား​ချေလို့ရတဲ့ ဂိမ်းကစားနည်းကို နောက် ၃နှစ်အကြားမှာ အယ်လ်​ကိုင်းဒါးအဖွဲ့က လက်တုန့်ပြန်ပြီး တီထွင်ခဲ့တာပါ။
၂၀၀၈ ခုနှစ်မှာ​တော့ ဘီလားက ဒီ အပြန်အလှန်​လက်စား​ချေတဲ့ အွန်လိုင်းဂိမ်း၂ခုကို အ​ခြေခံပြီး​တော့ပဲ ဟူစိန်ကို​ရော၊ ဘုရှ်ကို​ရော လက်စား​ချေလို့ရတဲ့အပြင် နောက်ထပ်ဇာတ်​ကောင်အသစ် အသေခံဗုံးခွဲသမားကိုလည်း ထပ် တီထွင်ထည့်ခဲ့ပါတယ်။ သူတီထွင်တဲ့ဂိမ်းမှာတော့ ပြတ်ပြတ်သားသားအနိုင်ရတဲ့ဖက်က ဘယ်သူလို့ မရှိပါဘူးတဲ့။ ဒီလို သူဖန်တီးရတဲ့အ​ကြောင်းက​တေ့ သူ့အကိုကိုယ်တိုင်က အယ်လ်​ကိုင်းဒါးအဖွဲ့ရဲ့ လူစု​ဆောင်းခံရပြီး ပဋိပက္ခအတွင်းမှာ အ​မေရိကန်ရဲ့ဒရုန်းနည်းပညာနဲ့ တိုက်ခိုက်မှု​ကြောင့် သေဆုံးခဲ့တာမို့ အီရတ်-အ​မေရိကန်စစ်ပွဲမှာ စစ်ရဲ့ဆိုးကျိုးကိုအများဆုံး​ခံရတာ ဟူစိန်​ရော ဘုရှ်​ရောမဟုတ်ပဲ သာမန်အီရတ်ပြည်သူ​တွေဆိုတာကို ပုံဖော်ဖန်တီးတယ်လို့ ဆိုပါတယ်။
အီရတ်ရဲ့ အင်တာနက်က​ဖေး​တွေကအတိုင်းပုံတူ​ဖန်တီးထားတဲ့ ဒီပြခန်းထဲမှာ အာရဘစ်ဘာသာနဲ့​ရေးထားတဲ့ ပက်စီအချိုရည်ပုလင်း​တွေထည့်ထားတဲ့ ရေခဲ​သေတ္တာအထိ အ​သေးစိတ်ပါ ပါတယ်။ ဒီပြကွက်က အလယ်တန်း​ကျောင်းသားဘဝမှာ အရူးအမူးဖြစ်ဖူးတဲ့ ကျောင်းက ကွန်ပျူတာ​တွေနဲ့တစ်ပုံစံထဲဖြစ်​နေ​တာ​ရော၊ နောက်ခံအ​ကြောင်းအရာမတူလှ​ပေမယ့် ပဋိပက္ခ​တွေရှိတဲ့​နေရာမှာ အရပ်သား​တွေသာအထိခိုက်ဆုံးဖြစ်ရတယ်ဆိုတဲ့သူ့ခံစားဖန်တီးမှုကို ကိုယ့်နိုင်ငံရဲ့​လော​လောလတ်လတ်ဖြတ်သန်း​နေရမှုအရ စာနာသ​ဘောတူပြီး သ​ဘောကျ​ ခံစားမိပါတယ်။
နောက်ပြကွက်တစ်ကွက်က​တော့ ၂၀၀၄ ခုနှစ်မှာ ဘီလားရဲ့အကိုသေဆုံးခဲ့ရပြီးတဲ့​နောက်ပိုင်းမှာ အလာတူးဒရုန်းတိုက်ခိုက်မှု​တွေလုပ်ခဲ့တဲ့​လေယာဉ်မှူးရဲ့အင်တာဗျူးတစ်ခုကို သူနား​ထောင်ပြီးတဲ့​နောက်မှာ လေယာဉ်မှူးနဲ့သူတို့ရဲ့ ပစ်မှတ်​တွေက တကယ်​တော့ သူတို့တကယ်အလိုရှိတဲ့ပြဿနာဖန်တီးသူ​တွေမဟုတ်ပဲ ဘာမှမဆိုင်တဲ့သာမန်အပြစ်ကင်းတဲ့လူသား​တွေဖြစ်​နေတတ်တယ်ဆိုတာကို ပုံ​ဖော်တဲ့ ‘ပြည်တွင်းတင်းမာမှု’ လို့ အမည်ရတဲ့ ပြကွက်ပါ။ ချီကာဂိုမှာရှိတဲ့ အနုပညာပြခန်းအခန်းကို သူ့အိမ်ခန်းအဖြစ်​ပြောင်းလဲဖန်တီးပြီး သူ့လှုပ်ရှားမှုကို ၂၄ နာရီ အင်တာနက််ကင်မရာနဲ့ချ်တ်ဆက်ထားတဲ့ Live က​နေ ပရိတ်သတ်​တွေက ခြေရာခဲံ​စောင့်ကြည့်ပြီး သူ့ကို ရောင်စုံဘောသေနတ်နဲ့ အဝေးထိန်း ပစ်ခတ်နိုင်​အောင် ဖန်တီးထားတာပါ။ တစ်လကြာတင်ဆက်တဲ့ ဒီဖန်တီးမှုကို နိုင်ငံ​ပေါင်း ၁၃၈ နိုင်ငံက ဝင်​ရောက်ကြည့်ရှုသူ သန်း ၈၀ ရှိခဲ့ပြီး ရောင်စုံ​ဘော​သေနတ်နဲ့ပစ်ခတ်တာ အကြိမ်​ပေါင်း ၆၅၀၀၀​ကျော် ရှိခဲ့ပါတယ်။ ဘီလားက ဒီတင်ဆက်မှုကို အီရတ်အညတရ​ပြည်သူတွေသာ အများဆုံး ဘေးသင့်ရတဲ့ အစိုးရ​တွေကဦး​ဆောင်ပြီးလုပ်တဲ့ ပဋိပက္ခ​တွေထဲမှာ လူ​တွေဘယ်လိုနည်းလမ်း​တွေနဲ့ပတ်သက်ဆက်နွယ်​နေနိုင်​ကြောင်း ရောင်စုံ​ဘော​သေနတ်နဲ့ပစ်ပြီး ရင်ဆိုင်​စေပြီး စာနာနိုင်​အောင် ဖန်တီးတယ်လို့ ဆိုပါတယ်။
ဒီပြခန်းကို နောက်ဆုံးကြည့်ပြီးထွက်လာတော့ ချီကာဂိုနွေရာသီက ဆိုင်းမဆင့်ဗုံမဆင့် မိုး​တွေရွာချ​လေ​ရော။ ဒါနဲ့နောက်တစ်နေရာကူးဖို့စောင့်ရင်း စစ်ပွဲရယ်၊ စစ်ပြီးရင်တောင် မျိုးဆက်ချီကုစားရမယ့် စိတ်ဒဏ်ရာတွေရယ်၊ အမုန်းတရားတွေရယ်အ​ကြောင်း အ​တွေး​တွေရှည်မိသလို ဝါဖဲဘီလား​ရော သူ့ရဲ့အီရတ်​လူမျိုးပဂတိအိုင်ဒမ်ဒတီရယ်၊ အ​မေရိကန်နိုင်ငံသားအဖြစ်ရယ်ကြားထဲ သူ့ကိုယ်တွင်းပဋိပက္ခရော စီးချင်းထိုးမလား၊ ဒီကာလတစ်​လျှောက် သူ့ကိုယ်သူ ဘယ်လိုခံယူချက်၊ ရပ်တည်မှုနဲ့ ရှင်သန်နေသလဲ စာနာမိပါတယ်။
မိုးတွေတိတ်တော့ ပြတိုက်ထဲက ထွက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကော်ဖီဆိုင် ဘယ်လိုနေမလဲ စပ်စုဖို့ ခြေဦးတည်လိုက်ပါတယ်။ အတွေးတွေကတော့ အရှေ့အလယ်ပိုင်းမှာ ကျန်ခဲ့တုန်းပါ။

No comments:

Post a Comment

ချီကာဂို ခေတ်ပြိုင်အနုပညာပြတိုက်: Wafaa Bilal (ဝါဖဲ ဘီလား) ပေးတဲ့ အတွေး

ပြီးခဲ့တဲ့အပတ်က ချီကာဂိုမှာ ပြတိုက် ၂ခု အလည်သွားခဲ့တာမှာ စိတ်ထဲမှတ်မှတ်ရရရှိပြီး ဆက်စပ်ခံစားလို့ရခဲ့တဲ့ ပြခန်းတစ်ခုအကြောင်း အမှတ်တရ တို့ထားခ...