ဘင်္ဂလားဒေရှ့်ကလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မကြာခင်ကအောင်မြင်သွားတဲ့လူထုလှုပ်ရှားမှုအကြောင်းလာပြောတော့ လာတက်ကြတဲ့တစ်ခန်းလုံးကသူတွေက စာနာအံ့ဩစွာ စုတ်တသပ်သပ်နဲ့ပေါ့လေ။ ဒီထက်အများကြီးဆိုးတဲ့ခြေနေတွေ ကိုယ့်နိုင်ငံမှာဖြစ်နေတော့ သူပြတဲ့ဓာတ်ပုံနဲ့အကြောင်းအရာတွေကို ဘာ ခံစားချက်မှာမရှိ၊ မထူးဆန်းသလို တုန့်ပြန်မိတဲ့ ကိုယ့်ခံစားချက်ကိုလည်း ကိုယ့်ဘာသာ သတိထားမိတယ်။
ဌာနကပွဲစီစဉ်သူ ပါမောက္ခကလည်း ဒီနှစ်ဘွဲ့လွန်အစီအစဉ်မှာ မြန်မာကကျောင်းသားတစ်ယောက်လည်းရှိကြောင်း သူ့ကို ကြိုပြောပြထားကြောင်း ဆွေးနွေးပွဲပြီးလို့ သွား မိတ်ဆက်စကားပြောမှ သိရတယ်။ သူ့ကို ဘေးကပ်လျက်အိမ်နီးချင်းနိုင်ငံမှာ လူထုလှုပ်ရှားမှုအောင်မြင်သွားတာ ဝမ်းသာကြောင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနက်စ် ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကာလလွန်ရင် ပြီးခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးကျူးလွန်သူတွေကို အရေးယူတာဝန်ခံစေမယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြောနေလား၊ ဘင်္ဂလားဒေရှ့်ပြည်တွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပုဂ္ဂလိကမီဒီယာတွေကရော ဒီကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောနေလား မေးဖြစ်ပါတယ်။ ၂၀၁၀ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေကျူးလွန်ခဲ့သမျှကို တာဝန်ခံစေဖို့ နိုင်ငံတကာအပါအဝင် အစုအဖွဲ့အသီးသီးက ပြောခွင့်ဆောင်ရွက်ခွင့်မရခဲ့၊ ပြုပြင်ပြောင်းလဲရေးကလည်း တစ်ဖက်သတ်ပဲ ဖြစ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလည်း ထင်သလို ခရီးမရောက်ပဲ နောက်ဆုံးတော့ အာဏာသိမ်းခံရတဲ့တွင်းနက်ထဲပဲ ပြန်ရောက်တယ် ယူဆကြောင်း ဥပမာပေး ဆွေးနွေးဖြစ်ပါတယ်။
သူကတော့ မြန်မာအရေးက ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာ ရှုပ်ထွေးနက်နဲတာ သဘောတူသလို တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တဲ့အခန်းကဏ္ဍကိုလည်း အိန္ဒိယက ဘင်္ဂလားဒေရှ့်ကို အလုပ်မဖြစ်စေချင်လို့ ခြယ်လှယ်တဲ့အကြောင်း ဥပမာပေးထောက်ပြပါတယ်။
ဘင်္ဂလားဒေရှ့်ပြည်သူတွေထက် အဆများစွာ သတ္တိရှိရှိ ရင်ဆိုင်နေပေမယ့် အလှမ်းရှည်သွားနေရတဲ့ ကိုယ်တွေရဲ့ တော်လှန်ရေးခရီးအကြောင်း ယှဉ်ထိုးစဉ်းစားပြီး မချင့်မရဲ စိတ်မကောင်းမိတဲ့ ညနေပေါ့လေ။
No comments:
Post a Comment