Thursday, June 27, 2024

မောင်ကျောင်းသား (၁) - ရှေ့တစ်လှမ်းတိုး၊​ နောက်တစ်လှမ်းဆုတ်

မူလအစီစဥ်မဟုတ်တော့ပဲ နိုင်ငံပြင်ပကို စောထွက်ရမယ်လို့သိရတော့ မေလနှောင်းပိုင်း။ ဒီလိုနဲ့ တစ်ပတ်တိတိပဲ ရတဲ့အချိန်အတွင်း အလွမ်းသယ်ရတဲ့ကိစ္စကစလို့ သွားဆေးခန်းသွားရတဲ့ကိစ္စအဆုံး ပြီးပြတ်ရမယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို နယ်အိမ်နဲ့ရန်ကုန်အိမ် လွန်းထိုးကူးပြန်လုပ်ပြီး စိတ်တွေပြင်ဆင်ချိန်တောင်မရလိုက်ပဲ မထင်ရင်မထင်သလို ဒရမ်မာဖြစ်နိုင်တဲ့ ရန်ကုန်လေဆိပ်က လူဝင်မှုကြီးကြပ်ရေးကို ဘေးမသီရန်မခ ဖြတ်ပြီး လေယာဥ်ပေါ်ရောက်၊ စိတ်တွေလျှော့မျက်လုံးမှိတ်လိုက်မှ မျက်ရည်က စိမ့်လာ။ ဒီလိုနဲ့ ခရီးဆုံးဖြစ်တဲ့ ကမ္ဘာ့အနောက်ခြမ်းက ပညာသင်ရမယ့်ကောလိပ်မြို့လေးကိုမရောက်သေးခင် ထိုင်းနိုင်ငံမြောက်ပိုင်းကမြို့လေးကို ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားနေ နေတာ ဇွန်လဆန်းကတည်းက ဆိုပါတော့။​ 

ရောက်ပြီးသိပ်မကြာခင်ကတည်းက ရုံးဝန်ထမ်းဘဝကနေ မောင်ကျောင်းသားဘဝပြောင်းသွားတဲ့ အပြောင်းအလဲကို လက်မခံချင်သလိုလိုနဲ့ လက်ခံလိုက်ရတာပါပဲ။​ ပြန်စဥ်းစားကြည့်တော့ အချိန်ပြည့်ကျောင်းသားဘဝကနေ အချိန်ပြည့်လုပ်ငန်းခွင်ဘဝကိုရောက်လာတာ ၂၀၁၁ ကတည်းက၊ ဆိုတော့ ၁၃ နှစ်ကာလမှာ တစ်ကိုယ်တော် ထင်တိုင်းကြဲပြီး ကောင်းတဲ့ရလာဒ်တွေလည်း ကိုယ့်ဘာသာ စံ၊ မိုက်မဲတဲ့လုပ်ရပ်ရဲ့အပြစ်တွေလည်း ကိုယ်ဘာသာခံဆိုတဲ့ဘဝနဲ့ နေလာခဲ့တာ အင်မတန် အသားကျနေခဲ့ပြီလေ။ ခုတော့ ပညာသင်ဆုရ ဘွဲ့လွန်ကျောင်းသားတစ်ယောက်အနေနဲ့ လိုက်နာရမယ့် စည်ကမ်းတွေရယ်၊ စောင့်ထိန်းရမယ့် ဝတ္ထရားတွေရယ်၊​ ကျေဖို့ကြိုးစားရမယ့် ကျောင်းသားတာဝန်တွေရယ်က အတွေ့အကြုံသစ်တွေ တစ်နင့်တစ်ပိုးနဲ့ လွတ်လပ်ပြီး စိတ်လှုပ်ရှားစရာကောင်းသလို စိတ်ဖိစီးစရာတွေလည်း မရှားတာမလို့ လိုက်လျောညီထွေနေထိုင်ဖို့က လွယ်မလိုနဲ့ခက်သလိုလို၊ ခက်သလိုလိုနဲ့ လွယ်သလိုလိုပါ။ 

ဒီလိုနဲ့ မောင်ကျောင်းသားဘဝအစ တစ်လမပြည့်တပြည့်မှာ အတန်းတက်ရတာတွေရယ်၊​ အိမ်စာတွေလုပ်ရတာရယ်၊ သူငယ်ချင်းအသစ်တွေရယ်၊​ စိတ်ရောလူရောကျန်းမာဖို့နေရတာတွေကြား အသားမကျတစ်ကျတေ့ာ ဖြစ်စပြုလာပြီလို့ ဆိုရပါမယ်။ ကျနော့်အတွက်တော့ နေ့တစ်နေ့ကုန်လို့ အိပ်ရာပေါ် ကျောဆန့်တာနဲ့ ကောင်းတဲ့နေ့ရက်ဖြစ်စေ၊ စိတ်နှလုံးမကြည်မွေ့စရာနေ့ဖြစ်စေ သင်ယူစရာတွေရယ်၊​ အခွင့်အလမ်းတွေရယ်လို့ပဲ မြင်နိုင်အောင် ကြိုးစားပါတယ်၊ ဒါပေမယ့်လည်း အမြဲဒီလို အောင်အောင်မြင်မြင် ခံယူပြီး နေနိုင်တာတော့လည်း မဟုတ်ပါဘူး။ 

တဖြေးဖြေးအသားကျလာတဲ့နည်းတူ ဒီ (မောင်ကျောင်းသား) ဘဝသစ်ကို ဘယ်လိုဟန်ချက်ညီအောင် နေရမလဲဆိုတာ သဘောပေါက်စတော့ ပြုလာပါပြီ။ "ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်"ပေါ့။ ဖြစ်ချင်ဇောတွေနဲ့ အမြဲရှေ့ရောက်ဖို့အားထုတ်ကြတာ လူအများလက်ခံကျင့်သုံးတဲ့ လူ့သဘောပေမယ့် နောက်တစ်လှမ်းဆုတ်တာကလည်း ရပ်သွားတာ မဟုတ်ဘူးဆိုတာကို တကယ် တစ်လှမ်းဆုတ်ပြီး ရပ်ကြည့်လိုက်တဲ့အချိန်မှာ လက်ခံသဘောကျသွားတာမို့ ဒီလမ်းစဥ်နဲ့ နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

တကယ်က ဘယ်ဘဝ ၊​ဘယ်အနေအထားမှာပဲဖြစ်ဖြစ် ဟန်ချက်ညီဖို့ အရေးကြီးဆုံးလို့ ခံယူမိတာပါပဲ။​ ဝန်ထမ်းဖြစ်ဖြစ်၊ မိဘဖြစ်ဖြစ်၊ ကျောင်သားဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖြစ် ဟန်ချက်ညီအောင်  ကြိုးစားနိုင်ရင် ကိုယ်စိတ်နှစ်ပါး ကြည်မွေ့အောင်မြင်တာပါပဲ။ တစ်ခါ တန်းတူညီမျှရေး (Equality) အတွက် ကျင့်သုံးလာကြတဲ့   စုံလင်ကွဲပြားရေး (Diversity) တို့၊​ လူတိုင်းအကျုံးဝင်ပါဝင်ရေး (Inclusion) တို့ဆိုတဲ့ ကျင့်ထုံးတွေကလည်း ကြီးကြီးမားမားလုပ်နိုင်ရင် ပမာဏကြီးကြီးမားမားနဲ့ ကောင်းကျိုးများပေမယ့်လည်း နေ့စဥ်ဘဝမှာ “ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်” ဟန်ချက်ညီမယ့် အလေ့အကျင့်သာကျင့်သုံးနိုင်ရင် တန်းတူညီမျှရေးအတွက်လည်း ကောင်းကျိုးရှိပါတယ်။ 

တစ်ဦးတစ်ယောက်ကောင်းပဲ အောင်မြင်ဖို့ဦးစားပေးမဟုတ်တဲ့အခြေအနေတွေမှာ အစုအဖွဲ့တစ်ခုလုံး အောင်မြင်နိင်ဖို့ဆိုရင် ကိုယ်တစ်ယောက်တည်း ရှေ့တစ်လှမ်း လှမ်းတာ အကျိုးမများပါဘူး။ အများနဲ့ရှေ့တစ်လှမ်းတူတူလှမ်းခွင့်ရဖို့ စုပေါင်းအားထုတ်တာကပဲ အောင်မြင်အကျိုးများပါမယ်။ ခဏနောက်တစ်လှမ်းဆုတ်နေတာဟာ ရပ်ပြီး နောက်ကျကျန်ခဲ့တာမျိုးမဟုတ်ပဲ ခဏအနားယူကျန်ခဲ့ပြီး ရှေ့တစ်လှမ်းလှမ်းသွားတဲ့ ခြေလှမ်းတွေကို သင်ယူခွင့်ရတဲ့ အခွင့်အလမ်း ရှိပါတယ်။ ဒီလိုပဲ သက်လုံကောင်းလို့ ရှေ့တစ်လှမ်း လှမ်းသွားတဲ့လူက မောလို့ဖြစ်စေ၊ ခြေထောက်နာလို့ဖြစ်စေ၊ ရှေ့ကခြေလှမ်းတွေကို အမီလှမ်းဖို့မဖြစ်နိုင်တော့ ခဏ နောက်တစ်လှမ်းဆုတ်ကျန်ခဲ့သူတွေကို တစ်လှမ်းပြန်ဆုတ်ပြီး စောင့်ဖို့ လိုပါတယ်။ ဒါဆို ခြေလှမ်းတွေမတူကြပေမယ့် ပန်းတိုင်ကိုတန်းတူရောက်ဖို့အတွက်တော့ ခွန်အားရသွားသလို အားလုံးလည်း အခွင့်အရေး ရသွားမယ်လေ။ ဒါကပဲ "ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်" ရဲ့ အားသာချက်လို့ ထင်ပါတယ်။ ဒီသဘောကို ကိုယ့်ဘာသာ တွေးမိဆင်ခြင်မိချိန်မှာ မောင်ကျောင်းသားဘဝကို အသားကျဖို့အထောက်အကူပြုတာမို့ အင်မတန် ကျေနပ်စိတ်လည်း ဖြစ်မိပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်နီးပါး ပညာသင်ဆုရွေးချယ်ခံရတယ်လို့ လျှပ်ချောစာလက်ခံရတဲ့အချိန်ကစပြီး ဒီမောင်ကျောင်းသားဘဝကို အမျိုးမျိုးပုံဖော်ပြီး စိတ်ကူးယဥ်ခဲ့ဖူးပါတယ်။ စာလိုက်နိုင်တဲ့မောင်ကျောင်းသားအဖြစ်တင်မဟုတ်ပဲ ကိုယ်စိတ်နှစ်ပါးကျန်းမာတဲ့မောင်ကျောင်းသားဖြစ်ဖို့ရော၊ တန်းတူရေးကို တတ်နိုင်သမျှကျင့်သုံးနိုင်တဲ့ မောင်ကျောင်းသားဖြစ်ဖို့ရော၊ ပိုပြီးပွင့်လင်းလွတ်လပ်တဲ့မောင်ကျောင်းသားဖြစ်ဖို့ရော ကြိုးစားရမယ်ဆိုတဲ့ စိတ်ခိုင်ကျည်းမှုကတော့ အုတ်မြစ်ချထားခဲ့ပြီး ဖြစ်ပါတယ်။

၂နှစ်တာခရီးဆိုတော့ မီတာ (၁၀၀) တာတိုအပြေးသမားလိုတော့ မဖြစ်နိုင်ဘူးပေါ့။ မာရသွန်အပြေးသမားတစ်ယောက်လို သက်လုံကောင်းဖို့နေ့ရက်တိုင်းမှာ “ရှေ့တစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်”... လိုအပ်သလိုပေါ့။ 

ဒီမျှသာ။ 

မောင်ဆိုင်မွန်
၂၀၂၄ခုနှစ် ဇွန်လ ၂၇ ရက်

ပုံစာ - မောင်ကျောင်းသား စာနားမလည်လို့ နေ့လည်ခင်းလက်ဖက်ရည်နဲ့ ခွန်အားယူနေပုံ




2 comments:

  1. ငယ်ငယ်ဆော့ခဲ့တဲ့ သံပတ်ကားလေးတွေလိုဘဲ ရှေ့သွားဖို့ အနောက်ကိုခပ်များများပွတ်ဆွဲပေးရသလို၊ ရှေ့တိုးဖို့ အတွက် နောက်ကိုဆုတ်ပေးရတယ်ဆိုတာ ပြန်တွေးမိစေတယ်။ အမောင်ကျောင်းသား ကျောင်းပျော်ကြီးဖြစ်ပါစေ။ ဆက်ရေးမယ့် အကြောင်းအရာတွေလည်း မျှော်လင့်လျက်ပါ။

    ReplyDelete
    Replies
    1. ဥပမာက မြင်သာထင်သာ အလိုက်ဖက်ဆုံးပဲ။​ ကျေးဇူးပါခင်ဗျာ။​

      Delete

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...