Friday, April 5, 2024

မိုင်တိုင် ၃၂

အရင်နှစ်တွေက မွေးနေ့ဆို တခုခုတော့ အမှတ်တရ စာရေးတယ်။ အသက်ပိုကြီးလာရင် ငါ ဒီအရွယ်တုန်းက ဒီလိုတွေးခဲ့ပါလားလို့ သတိရအောင်လို့။ ခုနှစ်က မွေးနေ့မတိုင်ခင်ကတည်းက နေမကောင်းတာရယ်၊ ဗာဟီရကိစ္စတွေမျိုးစုံရယ်နဲ့ စိတ်မအားနေတာနဲ့ ဘာမှ မရေးချင်နေလို့ မရေးဖြစ်ပေမယ့် ကိုယ့်အကြောင်းကိုယ်တော့ သွားလာလုပ်ကိုင်ရင်း စဉ်းစားမိတာတွေအများကြီးရှိပါတယ်။

ကိုယ်ကျန်းမာရေးကတော့ အရင်ကလည်း သန်သန်မာမာထဲမပါပါဘူး။ ခုကတော့ ထစ်ခနဲဆို နေမကောင်း ဖြစ်နေတာပဲ။ စိတ်ကျန်းမာရေးကတော့ တက်လိုက်ကျလိုက် အင်မတန်များခဲ့တဲ့ နှစ်ပဲ။ ကျေနပ်အားရခဲ့တဲ့ကိစ္စတွေရှိပေမယ့် ကိုယ့်ကိုယ် ကိုယ် တော်တော်စိတ်ပျက်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ဒီလို ကိုယ်တွေ့ရှုပ်ထွေးပွေလီမှုတွေထဲကမှ ဒီတစ်နှစ်အတွင်း သင်ခန်းစာယူနိုင်လာတာကတော့ တခြားသူတွေကို သိပ် judge မလုပ်ဖြစ်တော့တာပဲ။ လူတိုင်းလူတိုင်းမှာ တစ်ပါးသူ ၁၀၀ ရာခိုင်နှုန်း နားလည်ပေးနိုင်ဖို့ခက်တဲ့ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေရယ်၊ အများကိုပြောပြဖို့ခက်တဲ့ စိတ်ဒဏ်ရာတွေရယ် အများကြီးရှိတယ်ဆိုတာ နားလည်လာလေလေ သူတပါးကိစ္စကို အရင်လို ခပ်လွယ်လွယ် မှတ်ချက်တွေ ချပြီး စရွေးတိုက် ဆက်ဆံဖို့ ဝန်လေးလာလေလေပါပဲ။ ကျနော့်အတွက် နားလည်ရခက်တယ်၊ သက်တောင့်သက်သာမရှိဖူးလို့ခံစားရရင် အဲ့ဒီအခြေအနေတွေနဲ့ ခပ်ဝေးဝေးမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်ပါတယ်။
လူတိုင်းနီးပါးဟာ အခြေအနေမျိုးစုံကနေရတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်မလုံခြုံမှုတွေ အများကြီး ရှိပါတယ်။ ကျနော်တော့ ငယ်ဘဝစိတ်ဒဏ်ရာတွေကို ငါ့မှဒီလိုတွေ့ကြုံရလေခြင်းလို့ အတွင်းသဌာန်မှာ ကိုယ့်ဘဝကိုယ် မကျေနပ်စိတ်၊ ဒေါသစိတ်တွေဖြစ်နေခဲ့ရတဲ့ နှစ်ကာလတွေကို ကျော်လွန်လာပြီး အရှိတရားကို လက်ခံလိုက်နိုင်တဲ့အခြေနေတော့ ရောက်လာလို့ ကိုယ်အတွက်ကိုယ် ဝမ်းသာမိပါတယ်။ ကိုယ့်ထရော်မာတွေကနေ ကိုယ်ရုန်းမထွက်နိုင်လို့ လူအများနဲ့လောကရဲ့ကောင်းတဲ့အစိတ်အပိုင်းကို မမြင်နိုင်၊ မတွေ့နိုင်၊ မုဒိတာတရားမပွါးနိုင်တဲ့လူအဖြစ်နဲ့ ဘဝကို မကုန်ဆုံးချင်ပါဘူး။ ကိုယ့်စိတ်ဒဏ်ရာတွေကို တတ်နိုင်သလောက် ဖော်ထုတ်နိုင် သိနိုင် ကုစားနိုင်ဖို့ ကြိုးစားနေသလို ရှေ့လျှောက် ဒီထက်ပိုဆင်ခြင်တုံတရားပြည့်ဝတဲ့လူ၊ လောကအကျိုး မဆောင်ရွက်နိုင်ရင်တောင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မရှိတဲ့လူဖြစ်အောင်၊ (ကိုယ့်စိတ်ဒဏ်ရာတွေ ကိုယ့်ဘာသာ မကုစားနိုင်လို့ ကိုယ်နဲ့ဆက်နွယ်တဲ့မိသားစု၊ အပေါင်းအသင်းတွေကို စိတ်ဒုက္ခပေး နာကျင်အောင်လုပ်တဲ့) လူ့အမှိုက်/လူဖြစ်ရှုံးတဲ့သူ မဖြစ်အောင် ကြိုးစားနေပါမယ်။ ကိုယ်မှားရင် တောင်းပန်တတ်တဲ့လူ အမြဲဖြစ်ဖို့ရော၊ ကိုယ့်အပေါ်ကျူးလွန်တဲ့အမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီး ကိုယ့်ငြိမ်းချမ်းရေးကိုယ် ရှေ့ရှုနိုင်တဲ့လူဖြစ်အောင်လည်း ကြိုးစားနေပါတယ်။
မွေးနေ့ဆုတောင်းပေးကြတဲ့မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ မတွေ့ဖြစ်ကြရင်တောင် နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား မေးကြမြန်းကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...