Monday, July 29, 2024

မောင်ကျောင်းသား ၂ - အသစ်နဲ့အဟောင်း ဒွေးရောယှက်တင်

အကျွမ်းတစ်ဝင်မရှိဖူးတဲ့နေရာသစ်၊ စနစ်သစ်မှာ အရာအားလုံးက အကုန်အသစ်ပေမယ့် စိတ်ကတော့ ပူမနေတာ ကိုယ့်ဘာသာ သတိထားမိတော့ ငယ်ငယ်က အမေ့သူငယ်ချင်းဆရာမပေးတဲ့မှတ်ချက်ကို ပြန်သတိရမိတယ်။ 


အလယ်တန်းလောက်တုန်းက ခင်ညွှန့်ရဲ့ မာတီမီဒီယာအတန်းဂျင်း ကျွေးခံရတဲ့အချိန်ပေါ့ (အဲ့တုန်းကတော့ နယ်မြို့ဆိုတော့ ဒီလို အသစ်အဆန်းကို ထိတွေ့ခွင့်ရဖို့ အင်မတန်ရှားသေးတယ်၊ ဂျင်းမှန်းလည်း မသိတော့ အင်မတန် စိတ်ဝင်စားပြီး ကွန်ပျူတာကို ကိုင်ဖူးချင်တာ) တစ်ကျောင်းလုံးအတွက် IBL computer ကလည်း ၃ လုံးပဲရှိတယ်။ တစ်လုံးက သုံးမရ။ ၂ လုံးနဲ့ပဲ စာစီစာရိုက် လုပ်ရတာ။ ပြီး အဲ့ဒီ တစ်ခန်းပဲ အဲကွန်းရှိတယ်။ Window 98 version သုံးရတာလို့ မှတ်မိတယ်။ Monitor ကလည်း ခုလို flat မဟုတ်ပဲ အကြီးကြီး။ ပြီးရင် ဖန်မျက်နှာပြင်ကလည်း ကြည်လင်မနေပဲ မှိတ်တုပ်မှိတ်လုပ် လိုင်းတွေ ပြေးနေသေးတယ်။ ကွန်ပျူတာဆရာမက ဒါကို monitor လို့ခေါ်တယ်၊ mouse လို့ခေါ်တယ်၊ keyboard လို့ခေါ်တယ် ကနေ စ သင်ရတာ။ ပြီးမှ စာစီစာရိုက်၊ ပါဝါပွိုင့်ကို animation လေးတွေထည့်တာ ဘာညာပေါ့။ အဲ့လိုလေး သင်ရတာတောင် ကြိုက်လွန်းလို့ရူးခါနေတာပဲ။ အိပ်မက်တွေထဲတောင် ထည့် မက်တယ်။ ပြီးတော့ အတန်းထဲကျောင်းစာမသင်ချင်ဘူး၊ တချိန်လုံး ကွန်ပျူတာခန်းပဲ စိတ်ရောက်။ ဆရာမ ဘယ်အချိန် စာခေါ်ရိုက်ခိုင်းမလဲပဲ မျှော်နေတာ။ အဖေကတော့ ကျနော် ရူးတာသိလို့ တစ်ကျောင်းလုံးမှာ တစ်အုပ်ပဲရှိတဲ့ ဆရာမရဲ့ “အခြေခံကွန်ပျူတာလက်စွဲ” ဆိုတဲ့ စာအုပ်ကိုငှါးပြီး ဘေးကပ်လျက်မြို့မှာ မိတ္တူသွားစွဲပေးတ​ယ်။ အဲ့ဒါအတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်။ အားနေ အဲ့စာအုပ်ကိုပဲ ဖင်တစ်ပြန်ခေါင်းတစ်ပြန် ဖတ်နေတာ အကုန်အလွတ်ရသလောက်ပဲ။


စကားပြန်ကောက်ရရင် အဲ့လို ကွန်ပျူတာကိုင်ဖို့ အရွေးခံရတဲ့ ၃-၄ ယောက်လောက်ပဲရှိတယ်။ အဲ့ဒါတွေလုပ်ရတာရူးလောက်အောင် ကြိုက်ပေမယ့်လည်း အင်မတန်ကို တက်ကြွ (ခုစကားနဲ့ဆို Hyper ဖြစ်) နေတာမျိုး မရှိနေခဲ့ဘူး။ အမေ့သူငယ်ချင်းဆရာမက အိမ်လာလည်တော့ “နင့်သားက အေးဆေးလွန်းနေတယ်။ သူများလို အရင်ဦးဆုံး လုပ်ချင်တယ် ဘာညာလည်း သိပ်မရှိဘူး။ သင်ခန်းစာအသစ်သင်လည်း အရင်ဆုံးပြန် စမ်းလုပ်ကြည့်ချင်တဲ့အထဲလည်း မပါဘူး။ နောက်ဆုံးမှ လုပ်ရလည်း သူအဆင်ပြေတယ်။” ဆိုပြီး မှတ်ချက်ပေးဖူးတယ်။ 


ခုလည်း နိုင်ငံသစ်ရောက်စမှာ ဘဏ်ကဒ်အသစ်လုပ်ရတာကစလို့ စျေးဝယ်တာအလယ် ကျောင်းက ဝင်္ကဘာလိုပွေလီရှုပ်ထွေးတဲ့ ဝက်ဘ်စာမျက်နှာတွေမှာ လိုအပ်တာတွေ ဖတ်ရ၊ ဖြည့်ရ၊ တင်ရတာတွေအဆုံးမှာ အရာရာအသစ်တွေဖြစ်နေပေမယ့်လည်း ဦးဆုံးစမ်းလုပ်ကြည့်တာ၊ အရင်ပြီးချင်တာမျိုး သိပ်မရှိဘူး။ အချိန်တန်လုပ်လို့ ပြီးရင် ပြီးတယ်ပဲ စိတ်က ရှိတာမျိုး။ နောက်မှလုပ်တော့လည်း ရှေ့လူတွေကြုံရတဲ့အမှားတွေရှောင်လို့ ရတယ်ပဲ စိတ်ထဲရှိတာ။ Personality ဆိုတာ ပြောင်းလဲနိုင်ပေမယ့် ငယ်ဘဝကနေ အသက်အရွယ်ကြီးသည်ထိ တချို့အရာတွေကလည်း connecting the dots (ဘဝရဲ့အစိတ်အပိုင်းလေးတွေအားလုံးက ဒွေးရောယှက်တင် ဆက်စပ်နေတာ) မျိုးခံစားမိလို့ပါ။


နာရီ ၂၀ နီးပါး အာရှကနေ ကမ္ဘာ့အနောက်မြောက်ဖက်ကို နောက်ကြောင်းပြန်ပတ်တဲ့ခရီးကြောင့်ရယ်၊ ကမ္ဘာ့စံတော်ချိန်တွေကို တစ်ခုပြီးတစ်ခုဖြတ်လာခဲ့တာရယ်နဲ့ နေ့ညတွေမှား၊ လေယာဉ်တောက် (Jet lag)၊ ခေါင်းတွေမူးနောက် နေသေးပေမယ့် အတွေးတွေတော့များနေနိုင်သေးတာပေါ့။ ဘာတီမောလ်ရဲ့ ညနေခင်းကို ခဏဖြတ်သန်းပြီး ဝါရှင်တန်ဒီစီကိုပြန်လာတဲ့ ရထားပေါ်မှာတွေးမိတဲ့အတွေး တွေပါ။ အသစ်အဆန်းတွေကို မြင်ရကြုံရတိုင်း မိသားစုကိုမျှဝေချင်တဲ့စိတ်နဲ့ အိမ်လွမ်းစိတ်ကတော့ ရှိနေသည့်တိုင် နောက် ၃-၄ရက်ကြာတဲ့အခါ သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပြီး ကိုယ့်ကျောင်းရှိရာ ပြည်နယ် ကိုယ်သွားရမယ့်အချိန်ကြမှ လွမ်းရတာတွေ ပိုသည်းတော့မယ် ထင်ပါတယ်။


ဒီမျှသာ။ 


မောင်ဆိုင်မွန်

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက် 

ဝါရှင်တန်ဒီစီ (ခေတ္တ) 







No comments:

Post a Comment

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...