Thursday, June 11, 2020

ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၂)

© American Friends Service Committee
တစ်ကမ္ဘာလုံးမှာ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ပြန် အားကောင်းလာတဲ့အချိန်မှာ မြန်မာပြည်ဖေ့ဘုတ်ခ်သိုင်းလောကမှာ ကုလား၊ ကုလားမလို့ခေါ်တာ နောက်ကွယ်က ရည်ရွည်ချက်မရှိပါဘူးဆိုတာမျိုး ဝါဒဖြန့်ချီရေးတွေ လုပ်လာကြတယ်။ ဒီလိုလူတွေကပဲ ကုလား၊ ကုလားမ မခေါ်ပါနဲ့ဆိုတဲ့ ကန်ပိန်းလုပ်နေတဲ့လူငယ်တွေကို ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတဲ့ 'လစ်ဘရယ်အကြောင်ကွက်' ဆိုတာမျိုး စွပ်စွဲကြ။
ကျနော့်ယုံကြည်ချက်ကတော့ ရှင်းပါတယ်။ 'ကျနော်၊ ကျနော်မတို့ကို ကုလား၊ ကုလားမ' လို့ခေါ်တာမကြိုက်ပါဘူးလို့ အခေါ်ခံရသူ ကာယကံရှင်တွေက တောင်းဆိုလာရင် ဆက် မခေါ်ဖို့ လိုပါတယ်။ တပါးသူရဲ့ ဘယ်သူကိုမှ ထိခိုက်နစ်နာမှုမရှိတဲ့ ဆန္ဒပြုမှုနဲ့ တောင်းဆိုမှုကို လေးစားဖို့ လိုပါတယ်။ ရိုးရှင်းတဲ့ ဥပမာပေးရရင် ကိုယ့်မှာ နာမယ်ရှိလျက်နဲ့ ချီးဗူးလို့ ခေါ်တာကို မကြိုက်ဖူးလို့ ပြောထားတာကို ခေါ်တဲ့သူက ဆက်ခေါ်နေရင် ခင်ဗျား မနှစ်မြိုသလိုပေါ့။ အဲ့ခေါ်တဲ့သူကို ခင်ဗျား ကြာရင် မုန်းလာမယ်။ လမ်းမှာ မတွေ့ချင်ဘူး။ တွေ့လို့ အဲ့လိုအခေါ်ခံရမှာကို တွေးပြီး စိုးရိမ်နေရတဲ့ အကြောက်တရား ရှိလာမယ်။ ဘယ်သူ့အတွက် ကောင်းလို့လဲ။
တခါတလေ common sense လို့ခေါ်တဲ့ သာမန်အသိနဲ့တောင် ဆင်ခြင်နိုင်တဲ့ကိစ္စတွေကို တစ်ဦးနဲ့တစ်ဦး၊ အစုအဖွဲ့တစ်ခုနဲ့တစ်ခု ခုခံကာကွယ်မှုတွေ ကြီးနေတဲ့ လူ့အဖွဲ့အစည်းကို နားကိုမလည်နိုင်ဘူး။ အဲ့လိုလူတွေရဲ့ ဒီမိုကရေစီကို အလွန်လိုချင်ပါတယ်၊ အားပေးပါတယ်၊ ထောက်ခံပါတယ်ဆိုတာကိုလည်း သံသယရှိပါတယ်။ မ.ဘ.သကိုတော့ ဆန့်ကျင်ပါတယ်လို့ ကြွေးကြော်ခဲ့ပြီး ကုလား၊ ကုလားမ မခေါ်ဖို့ကို ဆင်ခြေများနေသူများကို အောက်ကလိအာ ရယ်ချင်မိတယ်။

လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတ၊ လုံခြုံပြီး တန်းတူရပိုင်ခွင့်ကိုတောင်းဆိုနိုင်တဲ့ (ဒီမိုကရက်တစ်) လူ့အဖွဲ့အစည်းကို လိုချင်တဲ့ လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီ လိုချင်ပါတယ်လို့ ထိုင်အော်နေရုံနဲ့ မရပါ။ မဲပေးလိုက်ရုံနဲ့ တာဝန်မကျေပါ။ အဲ့ဒီလူ့အဖွဲ့အစည်းရဲ့ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမယ့် ဒီမိုကရေစီတန်ဖိုးထားတွေရှိပါတယ်။ အဲ့တန်ဖိုးထားတွေထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားမှုနဲ့ နားလည်တန်ဖိုးထားနိုင်မှုလည်း ပါ ပါတယ်။
ဒီမိုကရေစီရွှေကြာပန်းဟာ မိုးကျပန်း မဟုတ်ပါ။ အလေ့ကျ မပေါက်ပါ။ စဥ်ဆက်မပြတ် လိုက်နာကျင့်သုံး တန်ဖိုးထား ပြုစုမှ ရှင်သန်ပါတယ်။

No comments:

Post a Comment

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...