Saturday, June 6, 2020

ဖုံးကွယ်နေတဲ့ ခွဲခြားမှု (၁)

© American Friends Service Committee
Stop racism ကန်ပိန်းမှာ ပါဝင်တာ ခေတ်ကပေးလာတဲ့ တာဝန်ဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်လူမှုကွန်ယက်ကိုအသုံးပြုပြီး စာကြောင်းလေးတစ်ကြောင်းနဲ့ ဝန်းရံတာကစလို့ မိသားစုတွင်းမှာ ရပ်ရွာအတွင်းမှာ ဒီကိစ္စကို သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးတာ၊ လမ်းပေါ်ထွက် တက်ကြွလှုပ်ရှားတာနဲ့ မူဝါဒရေးရာတွန်းအားပေးတာအဆုံး ကိုယ်တတ်နိုင်တဲ့ဖက်က တာဝန်ကျေနိုင်တာ ကောင်းပါတယ်။
တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုပြီးခိုင်မာအမြစ်တွယ်စေတဲ့ အပြောအဆို၊ အမူအကျင့်တွေကို အားလုံးကိုယ်တိုင် ပိုပြီး သတိပြု ဆင်ခြင် တုံ့ပြန်ရမယ်ဆိုတာကို အကဲဆတ်ဖို့လည်းလိုတယ်လို့ တွေးမိပါတယ်။
နာမယ်ကြီး စူပါပါဝါနိုင်ငံ အမေရိကလို ကျွန်ပြုခဲ့တဲ့စနစ် ကျနော်တို့တိုင်းပြည်မှာမရှိခဲ့ပေမယ့် စနစ်တကျ သွေးခွဲအုပ်ချုပ်မှုက ကိုလိုနီခေတ်ကစလို့ စစ်အုပ်ချုပ်ရေးအထိ တစ်လျှောက်လုံးမှာ ရှိခဲ့တယ်။ ဒီလို ကြီးပြင်းခဲ့တဲ့ အခြေအနေမှာ ကျနော်တို့ဟာ လူအားလုံးအတူတူလို့ပဲ မြင်ပါတယ်၊ ကိုယ်နဲ့မတူတဲ့လူမျိုးအပေါ်၊ ကိုးကွယ်ရာဘာသာမတူမှုအပေါ် အပြည့်အဝ ယုံကြည်တယ်၊ အကြောက်တရားမရှိဘူး၊ အလုံးစုံ စာနာနားလည်ပေးနိုင်ပါတယ်ပြောရင် လိမ်နေတာပဲဖြစ်မှာပါ။
ကျနော်တို့ဟာ အချင်းချင်းအပေါ် ပုဂ္ဂလိကဖြစ်တည်မှုနဲ့ ချဉ်းကပ်စဉ်းစားတဲ့အလေ့အထ နည်းပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူကိုဖြစ်စေ၊ အပြောအဆိုကိုဖြစ်စေ မကြိုက်ရင်၊ ကိုယ်နဲ့သဘောမတူနိုင်ရင် လူမျိုး၊ ဘာသာနဲ့ တံဆိပ် အတင်းကာရော စွဲကပ်ကြတာ လူတိုင်းနီးပါး လုပ်ပါတယ်။ ဥပမာ - ရခိုင်တွေက အဲ့လိုပဲဆိုတာမျိုး၊ သူတို့ကုလားတွေက ဒီလိုပါပဲ ဆိုတာမျိုး။ ဟိုတလောက နာမယ်ကျော်ဆယ်လီတစ်ယောက်က အွန်လိုင်းတိုက်ပွဲမှာ ရန်ဖြစ်တော့ ‘ရခိုင်မနဲ့ မြွေပွေး’ ဆိုတာမျိုး အပုတ်ချတိုက်ခိုက်ရေးသလိုပေါ့။
ကျနော့်အပေါင်းအသင်းတစ်ယောက်က ကျနော်ပြောတဲ့စကားတစ်ခွန်းအပေါ် လူမျိုးကြီးဝါဒ မကင်းဖူးလို့ မှတ်ချက်ပြုတုန်းက ကျနော် တုန်လှုပ်ခဲ့ဖူးပါတယ်။ သေချာစဉ်းစားကြည့်တော့လည်း ကျနော့်ရည်ရွယ်ရင်းဟာ လူမျိုးရေးခွဲခြားမှုကို ကျူးလွန်ဖို့ မရည်ရွယ်ပေမယ့် ကျနော့် အပြောအဆိုဟာ လူမျိုရေးခွဲခြားမှုကို ကျူးလွန်မိတဲ့ အပြောအဆို ဖြစ်နေတာကို သတိပြု၊ လက်ခံရပါတယ်။ ကျနော့်အထင် ကျနော့်တို့လူ့အဖွဲ့အစည်းမှာ အဲ့လိုစိတ် အနည်းနဲ့အများ ရှိနေကြပါတယ်။ တခါတလေမှာ ကျူးလွန်မိသူရော၊ အကျူးလွန်ခံရသူရော နှစ်ဖက်လုံး ဘာဖြစ်နေမှန်းမသိရလောက်အောင် ကျနော်တို့ဟာ ဒီကိစ္စမှာ အကဲဆတ်မှု နည်းတာ ဒါမှမဟုတ် လုံးဝကင်းမဲ့နေတာပါ။ ကျနော်တို့ အမှားချည်းလည်းမဟုတ်ပါ။ စကားပုံတွေနဲ့အတူ အခြားသော အလားတူ လူမှုပုံစံသွင်းခံရမှုတွေကြောင့်နဲ့ အာဏာရှင်ရဲ့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်တွေ ဖြစ်ပါတယ်။
ပညာရှင်မဟုတ်တဲ့အတွက် ဘာသာရပ်ဆိုင်ရာအချက်အလက်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ကျနော် ဥာဏ်မမှီပါ။ ပြဿနာကို အစရှာဖို့၊ အမှန်ကို အမှန်အတိုင်း ကြည့်ဖို့ လိုမယ်လို့ယူဆပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ အလွန် အချိန်ယူရမယ့်ကိစ္စပါ။
ကျနော်တို့ တစ်ယောက်ချင်း ခုကစလို့ နောင်တစ်လျှောက်လုံးလုပ်နိုင်တဲ့ကိစ္စဟာ ကျနော်တို့ ဒီကိစ္စတွေကို များများပြော၊ များများ နားထောင်ဖို့ပါ။ ပြောနိုင်မယ့်၊ နားထောင်နိုင်မယ့် ပလက်ဖောင်းတွေက ပြောရ၊ နားထောင်ရပါမယ်။ ခံစားချက်တွေကို အမှန်အတိုင်းပြောရပါလိမ့်မယ်။ အမြင်တွေကို ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရပါလိမ့်မယ်။
ကျနော်တို့ တစ်ဦးနဲ့တစ်ဦး ပြောရင်းနားထောင်ရင်း သင်ယူရင်း နာကျင်ရပါလိမ့်မယ်။ ခရီးရှည်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ခေတ်မှာ ကိုယ်ယူရမယ့် တာဝန်ကို ယူမလား။ နောင်မျိုးဆက်ရဲ့ အပြစ်တင်မှုကို ခံမလား။ ၂ခုပဲ ရှိပါတယ်။
ကျနော်တို့ သား၊သမီး/ တူ၊ တူမတွေကို ဒီကိစ္စတွေ ပြန်ပြောတဲ့အခါ အဲ့တုန်းက ဘယ်လိုခံစားခဲ့ရတယ်လို့ ပြောတာထက် ဘယ်လို တုံ့ပြန်ခဲ့တယ်၊ ဘယ်လို ပြောင်းလဲဖို့ ကြိုးစားမှုမှာ ပါဝင်ခဲ့ရတယ်လို့ ပြောရတာ ပို အရသာရှိ၊ ဂုဏ်ယူစရာကောင်းမယ် ထင်ပါတယ်။

Stop racism, stop being racist ဆိုတာကို ဝန်းရံရင်း ကိုယ့်ဘာသာလည်း ဒီမေးခွန်းကို ရဲရဲတင်းတင်း မေးကြည့်၊ ဖြေကြည့်ကြရအောင်။

No comments:

Post a Comment

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...