ဒီမနက် ရုရှားက ပြဿနာစတဲ့ ယူကရိန်းသတင်းတွေဖတ်ရတာ စိတ်မသက်သာ။ မနှစ်က အာဏာသိမ်းပြီးစကာလမှာ ယူကရိန်းတော်လှန်ရေးမှတ်တမ်းရုပ်ရှင်ကြည့်ပြီး အားယူကြဖို့ အချင်းချင်း ဖေ့ဘုတ်ခ်ပေါ် မျှဝေကြတာ သတိရမိတယ်။
အာဏာရှင်တွေက သူတို့အကျိုးစီးပွါးဖြစ်တဲ့ အာဏာရယူရေးနဲ့ အာဏာတည်မြဲရေးကလွဲလို့ တခြား ဘာဆိုဘာကိုမှ ကျင့်ဝတ်အရဖြစ်စေ၊ ရှိပြီးသား သဘောတူညီချက်တွေအရဖြစ်စေ စောင့်ထိန်းမှုမရှိတာ သိပ်သေချာ။ လုပ်ပုံလုပ်နည်း၊ ချဉ်းကပ်ပုံပဲ ကွာချင်ကွာမယ်၊ ဥာဏ်ကောက်ကျစ်ပြီး အကျင့်တန်ပုံကတော့ အကုန်အတူတူပဲ။ ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံး နလန်မထူနိုင်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ဗိုလ်ကျ အာဏာချဲ့ချင်တဲ့သူတွေ သိပ်များ။ ၂၀၂၁ထဲမှာ အာဏာသိမ်းတာ ဒါမှမဟုတ် တခြားနိုင်ငံက ကျူးကျော်တာ ရင်ဆိုင်ရတဲ့နိုင်ငံတွေ တိုးလာတယ်။ မြန်မာ၊ ဆူဒန်၊ အာဖကန်နစ္စတန်၊ ခု ယူကရိန်း။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဝါရှင်တန်ပို့စ်က ‘၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းတာတွေက ကူးစက်ရောဂါလို ပို ပျံ့နှံလာတယ်။ နှစ်သစ်မှာလည်း ဒီလို နိုင်ငံရေးအရ ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေတွေက လျော့ကျသွားဖို့ မမြင်ဘူး’ လို့ ခေါင်းကြီးတပ်ရေးတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် Huntington ကတော့ ၁၉၇၀ ပြည့်နှစ်တွေကစပြီး ၁၉၉၀ ပြည့်နှစ်တွေအထိကို ဒီမိုကရေစီတတိယလှိုင်းကာလလို့သတ်မှတ်ခဲ့ပြီး ဒီမိုကရေစီအားအကောင်းဆုံးအချိန်လို့လည်း ဆိုတယ်။ ဒီနောက် ၂၀၁၀ နောက်ပိုင်းမှာ အာရတ်နွေဦးက အားကောင်းလာပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်သွားတဲ့အထိ မဟုတ်ခဲ့ပြန်ဘူး။ အဲ့တုန်းက တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီစနစ်ကိုကူးပြောင်းသွားနိုင်တာ တူနီးရှားတစ်နိုင်ငံပဲ ရှိခဲ့ပေမယ့် သူလည်း အာဏာရှင်အကျင့်အကြံတွေနဲ့ ပြန်ပေါ်ပေါက်နေပြန်ပြီ)။
ကပ်ဘေးက ကျန်းမာရေးစနစ်၊ စီးပွားရေးစနစ်တွေ ပြိုလဲစေနိုင်ပြီး ဒီမီးပွားတွေက နိုင်ငံတော်လုံခြုံရေးအထိ ကူးစက်လောင်နိုင်တယ်လို့ နိုင်ငံကြီးတွေက တောက်လျှောက် ပြောနေခဲ့ကြပေမယ့် တကယ်တမ်း ပြင်ဆင်မှုရော၊ ရင်ဆိုင်နိုင်မှုမှာရော ထင်သလောက် ခရီးမပေါက်နေဘူးထင်ပါတယ်။ ခုဆို ကပ်ဘေးကနေ ဒီမိုကရေစီကိုတောင် တိုက်ရိုက်ထိပါးနေပြီ။ အနာဂတ်ကပ်ဘေးအတွက်ကြိုတင်ပြင်ဆင်မှုလို့ စဉ်းစားကြရင် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးမူဝါဒတွေ ဘယ်လိုအားကောင်းအောင် လုပ်ကြမလဲ စဥ်းစားရုံတင်မဟုတ်ပဲ ဒီမိုကရေစီကို ဘယ်လိုထိပါးနိုင်သလဲ၊ ဘယ်လောက် ထိပါးနိုင်သလဲ၊ ရှိပြီးသား ဒီမိုကရေစီစံနှုန်းတွေ၊ တန်ဖိုးထားတွေကို ဘယ်လိုကာကွယ်ကြမလဲပါ စဥ်းစားမှ အဆင်ပြေမယ်ထင်တယ်။
ကိုယ့်နိုင်ငံမှာ အာဏာသိမ်းတာကြုံတွေတွေ့ရတဲ့လူငယ်တစ်ယောက်အနေနဲ့ တစ်ကမ္ဘာလုံးမှာ မငြိမ်မသက်ဖြစ်နေတာ စဥ်းစားရင် အသက်ရှုပိုကြပ်။ တစ်ဖက်မှာလည်း ဒါဟာ စိန်ခေါ်မှုပေမယ့် အခွင့်အလမ်းလည်းဟုတ်တယ်လို့ ကိုယ့်ဘာသာ အားပေးမိပြန်တယ်။ ဒီမိုကရေစီစတုတ္ထလှိုင်းကို မြန်မာနိုင်ငံက အောင်အောင်မြင်မြင် ပြန်စတင်လိုက်နိုင်မယ့် အခွင့်အလမ်းတွေ ကျနော်လို့ လက်ထဲမှာတင်ရှိနေတယ်။ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို သေချာပေါက်အာမခံပေးနိုင်မယ့် အမျှော်အမြင်တွေရယ်၊ စုစည်းအားတွေရယ် ပိုလိုတယ်။ ကျနော့်အမြင်အရ ဒီမိုကရေစီဆိုတာ အတွင်းကပဲ လာတာပါ။ တစ်ဦးချင်းစီကနေ စတင်နိုင်တယ်။ အဲ့လိုကျင့်ကြံဖို့လည်းတာဝန်ရှိတယ်။ ဒါကိုက ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရပဲ။ အားလုံးပါဝင်ရေးကို အာမခံပါလို့ ညီညွတ်ရေးအစိုးရနဲ့ အတိုင်ပင်ခံကောင်စီကို ကျနော်တို့အားလုံးက တိုက်တွန်းနေကြတဲ့နည်းတူ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးစကားစမြည်ကိုလည်း မိသားစုထဲမှာကို စ နိုင်ဖို့ ကျနော်တို့ကိုယ်တိုင်မှာလည်းတာဝန်ရှိတယ်။ လက်ရှိသတင်းတွေကို အခြေခံပြီး မိသားစု၊ မိတ်ဆွေတွေနဲ့ စကားစမြည်လုပ် ဆွေးနွေးဖလှယ်ပြီး အသိအမြင် လက်ဆင့်ကမ်းလို့ရတယ်။ ဒီလိုနည်းလမ်းသေးသေးလေးတွေကစလို့ ပြည်သူရဲ့နိုင်ငံရေးဖိအားကို အရှိန်တင်ပြီး အာဏာရှင်ကိုဖြုတ်ချရုံတင်မဟုတ်ပဲ တန်းတူရေးကိုအာမခံနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်နိုင်တဲ့အထိ ပါဝင်ပတ်သက်သူတွေကို ကြံ့ကြံ့ခံပြရမယ်။
၂၀၂၂ ဟာ မဆုံးမသတ်သေးတဲ့ ကပ်ဘေးရယ်၊ အာဏာသိမ်းမှုတွေရယ်၊ ကမ္ဘာ့စစ်အနံ့တွေနဲ့ ကမောက်ကမပဲ။ ဒါပေမယ့် အဆုံးအဖြတ်ပြတ်သားနိုင်တဲ့နှစ်တွေ (deciding years) ရဲ့ အစလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ခိုင်ကျည်းမှသာ မြောက်ဖျားကနေ တောင်ဖျား၊ အရှေ့ကနေ အနောက် လူတိုင်း ကိုယ်၊ စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလမ်း ဆုံးတဲ့အထိ နိုင်တဲ့ဝန် ထမ်းပြီးလျှောက်ကြမယ်။
No comments:
Post a Comment