Thursday, September 24, 2020

သားအမိ

မ်းထဲမှာ ညနေတိုင်း သကြားမုန့်ဖက်ထုပ်၊ သာကူမုန့်ဖက်ထုပ်ဆိုပြီး အော် ရောင်းတဲ့ သားအမိ အသံကြားနေကြ။ အမေလုပ်တဲ့သူက တစ်ခွန်းအော် ပြီးရင် သူ့သားလေးက ကလေးသံလေးနဲ့ တစ်ခွန်းအော် ရောင်း။ ကလေးက အလွန်ဆုံးရှိမှ ၅နှစ်၊ ၆နှစ်ပေါ့။ သူတို့အသံကြားတိုင်း တွေးစရာ ရတာချည်းပဲ။ ကလေးကို အိမ်မှာ ထားခဲ့ဖို့ အဆင်မပြေလို့ စျေးရောင်း ခေါ်လာရတာလား။ ခေါ်လာတော့လည်း ကလေး ပင်ပန်းပေမယ့် အမေနဲ့အတူတူဆိုတော့ သူ့အမေ စျေးရောင်း နောက်ဆံမတင်းဘူးလို့လည်း တွေးမိတယ်။ ပြီးတော့ နေဝင်မိုးချုပ် လမ်းတကာ စျေးရောင်းရတာ၊ အမျိုးသမီးတစ်ယောက်ထဲဆို ရိသဲ့သဲ့တစ်မျိုး ရဲရဲတင်းတင်းတစ်မျိုး နှောက်ယှက်ချင်တဲ့ ယောကျာ်းတွေ ရှိမှာပဲ၊ အင်နဲ့အားနဲ့ ကာကွယ်ပေးနိုင်တဲ့ အရွယ်မဟုတ်ပေမယ့် သားသမီးပါတော့ အမေလည်း စျေးရောင်းရတာ တစ်နည်းနည်းနဲ့ စိတ်လုံခြုံတာပေါ့။

ဘာပဲဖြစ်ဖြစ် သူတို့သားအမိ အသံ ညနေတိုင်း ကြားရတာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ ကလေးစျေးအော်ရောင်းတဲ့အသံကြားရင် ဂရုဏာစိတ်ဖြစ်ပေမယ့် အားရှိတဲ့စိတ်က အမြဲပိုတာပဲ။ မအေ အားကိုးရတဲ့ သား ဆိုပြီးတော့လေ။ ဒီနေ့တော့ သားအမိ နှစ်ယောက်အသံ လုံးဝမကြားမိတော့ ဘာများဖြစ်သလဲဆိုပြီး အတွေးရောက်။ စိတ်ပူ။ ဖျားနာနေလား။ ကိုဗစ်များ ဖြစ်သလား။ ဒါမှမဟုတ် တစ်ရက်တစ်လေ နားမယ်ဆိုပြီးများ သားအမိတွေ နားနေရော့သလား။ နားတာပဲ ဖြစ်ပါစေ။ လူ့စိတ်များနော်... အသံလေးပေမယ့် နေ့စဉ်ပုံမှန်ဆိုတော့ သံယောဇဉ် ဖြစ်ရတယ်။

No comments:

Post a Comment

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...