Saturday, December 7, 2019

လျှောက်ဆဲလမ်းရဲ့ ၈နှစ်ပြည့်

အလုပ်လုပ်တာ ၈နှစ်ပြည့်ပြီ။ ကွာလီဖိုင်းမဖြစ်လို့ ကျောင်းဆက်မတက်ရတော့ပဲ အလုပ်ထဲရောက်သွားတာ။ အဲ့ဒီအချိန်က ကိုယ်နဲ့ရွယ်တူ အပေါင်းအသင်းအများစုက ကျောင်းတက်ဆဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ရတာကိုပဲ သိမ်ငယ်တာလိုလို၊ ရှက်တာလိုလို ဖြစ်ခဲ့တယ်။ အသက်မွေးဝမ်းကြောင်း စပြုတဲ့အလုပ်က ကိုယ့်ဝါသနာ မဟုတ်ဘူး သိလာတော့လည်း ကိုယ်တကယ် ဘာလုပ်ချင်လဲ ကိုယ့်ဘာသာ မေးခွန်းမေးရတဲ့ကာလတွေကလည်း ခက်ခဲခဲ့တယ်။
ကိုယ်လုပ်ချင်တဲ့အလုပ်သဘောသဘာဝကို ရှာဖွေ သိရပြီးပြန်တော့လည်း အဆင်ပြေသွားတာမျိုး မဟုတ်ပြန်ဘူး။ ကျယ်ပြန့်တဲ့ နယ်ပယ်ထဲကမှ ကိုယ်တကယ် စိတ်ဝင်စားတာကို လုပ်နေရင်း ရှာဖွေသင်ယူနေရတာပဲ။ ဥပမာပြောရရင် မုန့်ပစ်သလပ်ကြိုက်တာ သိသွားပေမယ့် ထန်းလျှက်နဲ့ ချိုတဲ့အရသာ ကြိုက်တာလား၊ ပဲပြုတ်ဖြူးဆီဆမ်းထားတဲ့ စိမ့်စိမ့်အရသာပဲ ကြိုက်တာလား၊ ကြက်ဥနဲ့ ကြိုက်တာလား အဲ့လို အသေးစိတ်တွေ ထပ်ရွေးရသလိုပဲ။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှုက ကိုယ့်တစ်ဘဝပဲ။ အသက် ၄၀မှ အသက်မွေးဝမ်းကြောင်းမှုနောက်တစ်ခု ပြောင်းဖို့ဆိုတာ လုပ်ချင်ရင် ဖြစ်နိုင်ပေမယ့် အောင်မြင်ဖို့ အခွင့်အလမ်းက နည်းတယ်။ ငယ်စိတ်လိုလည်း တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိရင်တောင် ခံနိုင်ရည် ရှိချင်မှ ရှိတယ်။
ဒီ၈နှစ်ထဲမှာ ကိုယ်တွေးမှ ကိုယ်ပြောတာမှ မှန်တယ်ထင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။ ကိုယ့်လို မှန်ရမယ်လို့ ခေါင်းမာခဲ့ဖူးတယ်။ လူတွေကို ငြီးငြူးတတ်ခဲ့တယ်။ အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မခွဲခြားတက်တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ခုကျတော့လည်း အကုန်သိသွားတာ မဟုတ်ပေမယ့် အလုပ်ရော၊ ဘဝကိုရော ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို နဲနဲလေး သိလာတယ်။ အလုပ်မလုပ်ရင် ဒီအတွေ့အကြုံတွေ ဒီသဘောတရားတွေကို သိခွင့်ရှိမှာမဟုတ်ဘူး။ တခါတလေ စိတ်ဓာတ်ကျ အပျင်းထူတဲ့ဉာဉ်လေး ပေါ်လာရင် ဒါကိုတွေးပြီး အားယူရတယ်။

Photo credit to Labour tech recruitment Ltd

ဘဝက ခရီးပဲ။ လျှောက်ချင်ချင် မလျှောက်ချင်ချင် ဆုံးအောင်လျှောက်ရမယ့်အတူတူတော့ သိက္ခာရှိရှိလျှောက်နိုင်ရမယ်။ သမာအာဇီ၀ ကျရမယ်။ ရောက်ချင်ရာရောက် ဆင်ကန်းတောတိုးသလိုလည်း မဖြစ်ပြန်ဘူး။ အမျှော်အမြင်ရှိရအုံးမယ်။ ဒီ၈နှစ်မှာ ပိုက်ဆံချမ်းသာတဲ့သူမဖြစ်ပေမယ့် ဒါလေးတွေသိလာလို့ ကျနော့်ဘဝကို ကျေနပ်တယ်။ အရင်လို ရှက်တာတို့၊ သိမ်ငယ်တာတို့၊ ကိုယ်ယုံကြည်တာ ကိုယ်မပြောရဲတာတို့ သိပ်မရှိတော့ဘူး။



ရှေ့နှစ်များကတော့ ဘဝကို ဆက်လက်တည်ဆောက်ဖို့ပါပဲ။ ယုတ္တိဗေဒနဲ့ စိတ်ခံစားချက်ကို တတ်နိုင်သမျှ မျှမျှတတ ထိန်းသိမ်းရင်းနဲ့ပေါ့။

No comments:

Post a Comment

The Choices

Last month, I graduated with my master's degree. And I am still not entirely sure how to describe what that felt like. Joyful, yes. Bu...