ဒီဒုတိယစာသင်နှစ်ဝက်မှာ နိုင်ငံရေးသိပ္ပံဌာနက ပါမောက္ခတစ်ယောက်ရဲ့ “အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ” ဆိုတဲ့အတန်းကို ယူဖြစ်ပါတယ်။ အတန်းမှာ လက်ယာယိမ်း၊ လက်ဝဲယိမ်း သီအိုရီတွေနဲ့ရော ခေတ်တစ်ဖြတ်ချင်းအလိုက်၊ တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စီးပွားရေး၊ ကျန်းမာရေးကပ်ဘေးတွေနဲ့အတူ ချိန်ထိုးပြီး အရင်းရှင်စနစ်နဲ့ဒီမိုကရေစီက ဘယ်လို တစ်လှည့်စီပြောင်းလဲသွားသလဲဆိုတာကို လေ့လာရပါတယ်။ တချို့အတန်းချိန် အထူးသဖြင့် အရင်းရှင်စနစ်တွေအကြောင်း အလေးပေးပြောတဲ့အချိန်တွေဆို ကျနော်အတွက် လေးလံလို့ မနည်းနားလည်အောင် လုပ်ရပါတယ်။ ဒါပေမယ့် ဒီစာသင်တန်းတစ်ဝက်ကျိုးတော့ စာမေးပွဲဖြေအပြီးမှာ ဒီအတန်းမှာ အရင်ကမသိခဲ့တာတွေ တော်တော်သိသွားပါလားဆိုပြီး နှစ်ထောင်းအားရဖြစ်မိပါတယ်။ ဒါနဲ့ အင်စပိုင်းယားဖြစ်ပြီး ဒီနွေဦးအကြိုအားလပ်ရက်တစ်ပတ်မှာ ဟိုစပ်စပ်ဒီစပ်စပ် စာလိုက်ထပ်ဖတ်ကြည့်ရင်း ဒီ Surveillance Capitalism လို့ခေါ်တဲ့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရှင်းရှင်စနစ်အကြောင်း နဲနဲဖတ်မိသွားလို့ နားလည်ထားတာလေး ပြန်မျှချင်ပါတယ်။
ဒီအခေါ်အဝေါ်ကို အရင်ကတည်းက ဖီလစ်ပိုင်နိုင်ငံသူ နိုလ်ဘယ်ငြိမ်းချမ်းရေးဆုရှင် မာရီယာရာဆာပေးတဲ့ လက်ချာတစ်ခု YouTube ကနေနားထောင်မိတော့ သူအကြမ်းဖျဥ်းလေးပြောသွားလို့ ကြားမိမှတ်မိပေမယ့် ဘာသိဘာသာပါ။ ခု ဒီအရင်းရှင်စနစ်အတန်းလည်းယူနေတော့ စိတ်ဝင်စားသွားတာနဲ့ ပြန် ထပ်တူးဆွကြည့်မိသွားပါတယ်။ ဒီစကားလုံးကို ဟားဗတ်တက္ကသိုလ်ကပါမောက္ခ ရှောရှားနာ ဇူဘော့ဗ် (Shoshana Zuboff) က သူ့ရဲ့ ၂၀၁၉ခုနှစ်မှာထုတ်တဲ့ The age of Surveillance Capitalism (စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရင်းရှင်စနစ်ရဲ့ခေတ်) ဆိုတဲ့စာအုပ်ထုတ်ပြီး စ မိတ်ဆက်ခဲ့ပါတယ်။ ဒီစာအုပ်က အဓိကအားဖြင့် ကယ်လီဖိုးနီယားပြည်နယ်၊ စီလီကွန်တောင်ကြားက နည်းပညာကုမ္ပဏီတွေရဲ့တီထွင်အသုံးပြုနေတဲ့ စီးပွားရေးပုံစံကို လေ့လာသုံးသပ်ထားပြီး ‘စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်’ တဲ့ နောက်ဆုံးပေါ် အရင်းရှင်စနစ်ပုံစံအသစ်တစ်မျိုးလို့ သုံးသပ်သတိပေးထားတာ ဖြစ်ပါတယ်။
ကျနော်တို့တွေအချင်းချင်းကြား အမြဲအံ့သြစွာပြောနေကြတဲ့ကိစ္စကို ဒီစာအုပ်ကအဖြေထုတ်ပေးထားပါတယ်။ တခုခုဝယ်ချင်တာ၊လိုချင်တာ၊ စားချင်တာ အချင်းချင်းကြားပြောမိပြီး ဖေ့ဘုတ်ကိုဖွင့်လိုက်ရင် ကျနော်တို့ပြောတဲ့ပစ္စည်းကြေငြာတွေ ကိုယ့်ဖေ့ဘုတ်ခ်မှာ လာပြနေတာ။ တစ်ညတာအပျော်ဒိတ်လိုက်တဲ့လူရဲ့ Facebook အကောင့်တို့၊ ကျောင်းတုန်းကသူငယ်ချင်းတွေရဲ့မိတ်ဆုံစားပွဲသွားလိုက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ့် Facebook က People You may Know လို့ပြောတဲ့ “နင်တော့ ဒီလူကို သိမလားပဲ၊ အဆက်သွယ်လုပ်ချင်လားမသိ” ဆိုပြီး လာပြနေတာမျိုး၊ အလားတူအများကြီးပါ။ ကျနော်တို့က ဒါတွေကို ဖြစ်ဖြစ်ချင်း တဒဂ်အတွင်းတော့ တအံ့တသြ ပြောလိုက်ကြပေမယ့် နောက်မိနစ်ပိုင်းအတွင်း ဒီကိစ္စကိုမေ့ထားလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ဖြစ်သွားတာပါပဲ။ တကယ်က ဒါ ပါမောက္ခဇူဘော့ဗ်ပြောတဲ့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်အရင်းရှင်စနစ် (Surveillance Capitalism) ရဲ့လက်ချက်ပါပဲ။ တခါတလေ ကိုယ်လိုချင်တာကိုပြောပြီးသိပ်မကြာခင် လျော့စျေးနဲ့ပစ္စည်းကြေငြာပေါ်လာလို့ လိုချင်တာ မိနစ်မဆိုင်းရသွားရင်၊ ကိုယ်အဆက်သွယ်ဆက်လုပ်ချင်တဲ့သူတွေကို ခက်ခက်ခဲခဲမရှာလိုက်ရပဲ Facebook ပေါ်ဆက်သွယ်ခွင့်ရသွားရင် ကျေနပ်ဝမ်းသာတောင် ဖြစ်သွားကြတယ်မဟုတ်လား။ နည်းပညာကုမ္ပဏီတွေကတော့ ဒါကို သူတို့ရဲ့ ကောင်းသထက်ကောင်းအောင် ဝန်ဆောင်မှုပေးတာလို့ အကြောင်းပြထားပေမယ့် တကယ်က သူတို့ရဲ့စီးပွားရေးပုံစံအရ အဲ့လို မရိုးရှင်းပါဘူးလို့ ပါမောက္ခဇူဘော့ဗ်က ပြောပါတယ်။
ဒီစီပွားရေးဒီဇိုင်းကို Google ကုမ္ပဏီက ၂၀၀၀ ခုနှစ်အစောပိုင်းတွေကတည်းကစပြီး စမ်းသပ်သုံးစွဲပြီး ၂၀၁၃-၁၄ ခုနှစ်တွေမှာတော့ နည်းပညာကုမ္ပဏီတွေအားလုံး သုံးစွဲလာကြပါတယ်။ ဒီလိုနဲ့ သူတို့က ဝန်ဆောင်မှုလို့ပြောတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ ကျနော်တို့တွေရဲ့ ပုဂ္ဂလိကအချက်အလက်တွေ၊ ခံစားချက်တွေကအစ နည်းပညာကုမ္ပဏီတွေဆီကို မသိမသာ ကျေကျေနပ်နပ်ပေးနေမိတာပေါ့။ ပါမောက္ခဇူဘော့ဗ်ကတော့ ကျနော်တို့ဂူးဂဲလ်မြေပုံကိုအသုံးပြုပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ပေမယ့် Google ကုမ္ပဏီက ကျနော်တို့ဘယ်လိုနေရာတွေကို ခရီးသွားတတ်တယ်၊ ဘယ်လို ပို့ဆောင်ရေးအမျိုးအစားတွေကို သုံးတတ်တယ်၊ ကားမောင်းရင်တောင် တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့မောင်းတတ်တယ်ကစလို့ ကျနော်တို့ရဲ့အချက်အလက်တွေကို သူတို့က စက္ကန့်နဲ့အမျှရနေတာလို့ သတိပေးပါတယ်။ တခါ Facebook ဆိုရင်လည်း ကျနော်တို့ရေးတဲ့စာတွေ၊ တင်တဲ့ပုံတဆင့် ယေဘုယျမျက်နှာပုံသဏ္ဍန်တွေကို တူရာတူရာစု မှတ်ထားတာ၊ ဆက်သွယ်စကားပြောတဲ့အခြေအနေတွေအပေါ်အခြေခံပြီး ဒီလူကတော့ ဘယ်လို စိတ်သဘောထားရှိတဲ့သူမျိုး၊သူ့မိတ်ဆွေအပေါင်းအသင်းတွေက နည်းပညာလောကကလား၊ ကျန်းမာရေးဝန်ထမ်းတွေများလား စသဖြင့် ကျနော်တို့ရဲ့ လူမှုဆက်ဆံရေးပုံသဏ္ဍန်တွေကအစ အချက်အလက်တွေရနေတာပါ။
နည်းပညာကုမ္ပဏီတွေအတွက် သုံးစွဲသူ (user) လို့ခေါ်တဲ့ ကျနော်တို့တွေက သူတို့ရဲ့ဖောက်သည်တွေလို့ ထင်ယောင်ထင်မှားဖြစ်စရာရှိပေမယ့် တကယ်က မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ကုန်ပစ္စည်းတွေပါ။ သူ့တို့ရဲ့ အံ့မခမ်းနည်းပညာထီထွင်ဖန်တီးမှုတွေကို အလကားနီးပါးပေးသုံးထားပြီး ကျနော်တို့ရဲ့အချက်အလက်တွေကို သူတို့က စက္ကန့်မလပ်ရနေတာပါ။ ဒီအချက်အလက်တွေကို သူတို့က တခြား စီးပွားရေးကဏ္ဍအသီးသီးကို ပြန်ရောင်းစားပါတယ်။ ဥပမာဆိုပါတော့... ပုဂ္ဂလိကလေကြောင်းလိုင်းကုမ္ပဏီက ခရီးသွားရာသီအတွက် အရောင်းမြှင့်တင်ရေးလုပ်ချင်ရင် နည်းပညာကုမ္ပဏီတွေကနေ သူတို့ ပရိုမိုးရှင်းလုပ်ချင်တဲ့ နေရာဒေသကလူတွေရဲ့ အချက်အလက်တွေကို ဝယ်တာပေါ့။ အသက်အရွယ်အပိုင်းအခြားဘယ်လောက်တော့ဖြင့် ဘယ်လိုနေရာတွေကိုသွားရတာကြိုက်တယ်၊ ပျမ်းမျှအားဖြင့် ပိုက်ဆံဘယ်လောက်သုံးနိုင်တယ်၊ လေယာဥ်နဲ့သွားရတာကြိုက်တယ်၊ လေယာဥ်လက်မှတ်ကို ဘယ်လိုအချိန်တွေမှာ ဝယ်တတ်တယ် စသဖြင့်အစုံအလင်ရောင်းစားလိုက်ပါတယ်။ လေကြောင်းလိုင်းကုမ္ပဏီက ဒီအချက်အလက်တွေအပေါ်မူတည်ပြီး ကျနော်တို့အတွက်အကြိုက်တွေ့နိုင်မယ့် ပရိုမိုးရှင်းတွေကို လာကြေငြာတာပါ။
ပါမောက္ခဇူဘော့ဗ်ထောက်ပြတဲ့ အဲ့ဒါထက်မရိုးရှင်းတဲ့ စိုးရိမ်စရာကောင်းတဲ့ကိစ္စတွေရှိပါသေးတယ်။ အာဏာရှင်အစိုးရ ဒါမှမဟုတ် အာဏာရှင်ဆန်ဆန်ကျင့်သုံးတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းအစိုးရတွေက နည်းပညာကုမ္ပဏီတွေကနေ သူတို့ကိုဆန့်ကျင်နိုင်တဲ့သူတွေရဲ့ အချက်အလက်တွေကို ဝယ်တာမျိုးပါ။ ဒီလိုနည်းလမ်းနဲ့ ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေ တစ်ဖြေးဖြေးအားလျော့သွားတာ၊ တရုတ်ပြည်မထဲက မူဆလင်လူနည်းစုတွေကို ဖိနှိပ်ဖို့သုံးတာ စသဖြင့် မလျှော်မကန်သုံးတာတွေပါ ရှိလာပါတယ်လို့ သတိပေးထားပါတယ်။
ဒီစာအုပ်ကို သုံးသပ်ချက်ပြန်ရေးတဲ့ Olivia Belovich ဆိုတဲ့ ပါရဂူဘွဲ့ကျောင်းသူကတော့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်အရင်းရှင်စနစ်က လူတွေရဲ့ဘဝကို ပိုအဆင်ပြေအောင်၊ သက်တောင့်သက်သာဖြစ်အောင်ကူညီပေမယ့် ဒါ့အတွက်ပြန်ပေးလိုက်ရတဲ့အဖိုးအခကတော့ အားလုံးရဲ့အချက်အလက်တွေနဲ့အိုင်ဒန်ဒတီတွေပါပဲလို့ ပေါ်လွင်အောင်ရေးထားပါတယ်။ တကယ်လည်း ဒါကအမှန်ပါ။ ဝက်ဘ်ဆိုက်တစ်ခုကိုဝင်တာနဲ့မေးတယ်လေ၊ နင်နောက်တခါဝင်ရင် လျှို့ဝှက်စကားလုံး (password) ရိုက်ထည့်စရာမလိုအောင် ငါသိမ်းထားပေးရမလား မေးတယ်လေ။ ကျနော်တို့ကလည်း အပျင်းကြီး၊ အဆင်ပြေချင်တော့ save ဆိုတာလေးနှိပ်လိုက်တာနဲ့ ကိုယ်အဲ့ဝက်ဘ်စာမျက်နှာမှာသုံးတဲ့အချက်အလက်တွေ ဘာတွေလုပ်တယ်ဆိုတာပါ အဲ့နည်းပညာကုမ္ပဏီက အကုန်ရသွားပါတယ်။
ဒီလိုဖြစ်တာက ကျနော်တို့လူသားတွေညံ့လို့၊ မသိနားမလည်လွန်းလို့မဟုတ်ပဲ နည်းပညာကုမ္ပဏီတွေရဲ့ ဒီနည်းပညာသုံးစွဲမှုတွေဟာ ကျနော်တို့သာမန်လူတွေအတွက် ဘယ်လိုလုပ်တယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာကို လက်လှမ်းမှီနိုင်မှုမရှိတာကြောင့်ရယ်၊ သူတို့လုပ်ပုံကိုင်ပုံတွေက ပိရိပြီး အကွက်ကျကျဖြစ်လွန်းလို့ အဲ့ထဲလူတွေမျှောသွားတာလို့ ပါမောက္ခဇူဘော့ဗ်က ရှင်းပါတယ်။ ကျနော်တို့ဆီကအချက်အလက်တွေကို အဓမ္မယူတာမဟုတ်ပဲ ကျနော်တို့ရဲ့လိုလိုချင်ချင်ပေးတဲ့ သဘောထားနဲ့ယူတာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း အဆင်ပြေချော့မွေ့မယ့် သက်သာရေးနည်းလမ်းတွေနဲ့ မက်လုံးပေးပြီး သဘောမတူချင်တူချင်အောင် ကြိုးကိုင်ခြယ်လှယ်တာလို့ ထောက်ပြပါတယ်။ သူကတော့ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ် အရင်းရှင်စနစ်က လူသားတွေကို ကမ္ဘာ့လေဟာပြင်အကျဥ်းထောင်ကြီးထဲ ထည့်ထားတာလို့ တင်စားပြီး သတိပေးပါတယ်။ နိုလ်ဘယ်ဆုရှင် မာရီဆာရာဆာကလည်း ဖိလစ်ပိုင်မှာ ဒူတာတေးက ပထမအာဏာရှင်ဆိုရင် ဖေ့ဘုတ်က အဲ့ဒါကိုနည်းပညာနဲ့အားပေးအားမြောက်လုပ်တဲ့ ဒုတိယအာဏာရှင်လို့ ပြောဖူးပါတယ်။ ဒူတာတေးမူးယစ်ဆေးနှိမ်နင်းမှုကနေ လူ ၃သောင်းကျော် အသက်သေတာ၊ ဖိလစ်ပိုင်မီဒီယာတွေကိုနှိပ်ကွပ်၊ လူထုရဲ့သတင်းရပိုင်ခွင့်ကိုထိန်းချုပ်ပြီး နည်းပညာအကူအညီနဲ့သတင်းလွှဲ၊ သတင်းမှားတွေလွှင့်တာတွေကို ထောက်ပြ ပြောဆိုတာပါ။
ဒါဖတ်ပြီးသိပြီး ကျနော်တော့ အားအင်ကုန်ခမ်းပါတယ်။ ၂၀၀၉၊ ၁၀ ကာလတွေမှာ လူမှုကွန်ယက်နည်းပညာတွေက ကမ္ဘာကြီးကိုပိုနီးကပ်စေတယ်ဆိုတဲ့ အကောင်းမြင်တဲ့လှိုင်းလုံးက ကျဆုံးလုလုဖြစ်နေပါပြီ။ တကယ်လည်း စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်တဲ့အရင်းရှင်စနစ်ကို မဆင်မခြင်သုံးတဲ့နည်းပညာသမားတွေရဲ့ ပါဝါအာဏာက အဆမတန်တတ်တဲ့လှိုင်း မြင့်နေပါတယ်။ ဒီမိုကရေစီကို ဆက်ရွေးချက်မလား၊ စောင့်ကြည့်ကြိုးကိုင်ခြယ်လှယ်တဲ့အရင်းရှင်စနစ်ရဲ့ဇာတ်မှာပဲ ကမ္ဘာလူသားတွေဆက်မျောကြလေဦးမလား။ ဒီတစ်လှိုင်းမှာ အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ ဘယ်လိုစံနှုန်းအပြောင်းအလဲတွေနဲ့ ပါဝါချိန်ခွင်ညှိကြမလဲ စိတ်ဝင်စားစရာပါ။
“အရင်းရှင်စနစ်နဲ့ဒီမိုကရေစီ” အတန်းအစမှာ ဆရာက ဒီမိုကရေစီနဲ့အရင်းရှင်စနစ် တစ်ခုနဲ့တစ်ခု ဘယ်လိုအကျိုးပြုသလဲ၊ ဘယ်လို ပျက်စီးစေသလဲ အဆိုင်မဲန့်မေးတာမှာ အရင်းရှင်စနစ်အလွန်အကျွံ့ကြီးထွားလာတာက ဒီမိုကရေစီကိုဆုတ်ယုတ်စေတယ်ဆိုတာကို လက်ရှိအဖြစ်အပျက်တွေနဲ့ဥပမာပေးပြီး ဖြေဖြစ်ပါတယ်။ စာသင်ပတ် ၇ပတ် သီအိုရီအမျိုးမျိုးအဖုံဖုံသင်ပြီး mid-term စာမေးပွဲမှာတော့ ဒီမိုကရေစီနဲ့အရှင်းရှင်စနစ်ကြား ဆက်နွယ်မှုကို အတန်းပထမပတ်မှာ ကိုယ်ဖြေခဲ့ကြသလို ယုံကြည်တုန်းလား၊ ခု စာ ၇ပတ်သင်ပြီးတော့ ပြောင်းလဲသွားလား၊ ဘာလို့ပြောင်းလဲလဲ၊ ဘာကြောင့်မပြောင်းလဲသလဲ ရေးဆိုလို့ အထိန်းအထေမရှိတဲ့ အရင်းရှင်စနစ်အလွန်အကျွံ့ကျင့်သုံးမှုက ဒီမိုကရေစီစံနှုန်းတွေနဲ့ အင်စတီကျူးရှင်းတွေကို ပျက်စီးစေတုန်းပဲဆိုတာ ယုံကြည်ဆဲပဲဆိုတာရယ် ဒီမိုကရေစီကိုသာ ဒင်ပြည့်ကျပ်ပြည့်ကျင့်သုံးနိုင်တဲ့လူ့အဖွဲ့အစည်းမှာ လွပ်လပ်တဲ့စျေးကွက်စီးပွားရေးလို့အယောင်ဆောင်ခေါ်ပြီး နည်းပညာအားသာမှုနဲ့ စျေးကွက်ချုပ်ကိုင်မှုလုပ်နေတာမျိုးတွေကို ပေါင်းသတ်နိုင်ပြီး မျှတတဲ့စီးပွားရေးစနစ်သာဖော်ဆောင်နိုင်မယ်ဆိုရင် အရင်းရှင်စနစ်က ပိုတောင် လူလူသူသူရှင်သန်နိုင်မယ်လို့ ဥပမာပေးဖြေပစ်ခဲ့ပါတယ်။
ဒီအကြောင်းစိတ်ဝင်စားရင် အောက်ကလင့်ခ်တွေကတစ်ဆင့် အကျယ်တဝင့်ဖတ်လို့ရပါတယ်။
The Age of Surveillance Capitalism: The Fight for a Human Future at the New Frontier of Power - Zuboff, Shoshana: https://archive.org/details/zuboff-shoshana.-the-age-of-surveillance-capitalism.-2019
The Age of Surveillance Capitalism - 2024 Dorsett Lecture with Shoshana Zuboff: https://www.youtube.com/watch?v=afOWUuimwOI&t=1643s
Shoshana Zuboff on surveillance capitalism | VPRO Documentary: https://www.youtube.com/watch?v=hIXhnWUmMvw
Your indifference to Surveillance Capitalism matters: https://thestrand.ca/your-indifference-to-surveillance-capitalism-matters/![]() |
No comments:
Post a Comment