Sunday, October 13, 2024

မောင်ကျောင်းသား ၅ - လူမျိုးရေးခွဲခြားမှုအပြုအမူနဲ့ နဖူးတွေ့ဒူးတွေ့

တကယ်က ကျောင်းတက်ဖို့အစီအစဥ် သေချာသွားကတည်းက ဒီနိုင်ငံရောက်ရင် ဒီလူမျိုးရေးခွဲခြားခံရတဲ့ကိစ္စက တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံလာရနိုင်တယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ ခွဲခြားဆက်ဆံခံနိုင်ရခြေရှိတဲ့ ပုံစံနည်းလမ်းမျိုးစုံကိုလည်း စာလိုက်ဖတ်ထား၊ စိတ်ကူးထဲ ပုံဖော်ပြီး ရင်ဆိုင်ထားဖူးပါတယ်။ မောင်ကျောင်းသားက အာရှသား၊ ရုပ်ရည်ကလည်း တရုတ်ပုံပိုထွက်တဲ့အပြင် ရှေးရိုးစွဲလူဖြူများတဲ့ပြည်နယ်ကကျောင်းကိုသွားရမှာမို့ ဒီကိစ္စကို စိတ်ထဲ တော်တော်ထည့်၊ ကြိုတွေးထားမိပါတယ်။ ဒါပေမယ့် ကျောင်းရောက်ပြီး ပြီးချင်း နှစ်လကျော်မှာ ၁၀ရက်လောက်ပဲခြားပြီး စိတ်နှလုံးမသိမ်မွေ့စရာ ဒီကိစ္စကို ၂ခါကြုံရမယ်ဆိုတာတော့ ကြိုတွေးထားမိတဲ့အထဲ မပါပါဘူး။  

ဖြစ်ပုံက ပြီးခဲ့တဲ့ တစ်လလောက်က မောင်ကျောင်းသားရဲ့အတန်းဖော်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တဲ့ သူငယ်ချင်းက အိမ်စာတွေလည်းပြီးသွားတဲ့ သောကြာညနေမှာ ဘားသွားထိုင်ကြမယ်ဆိုတာကနေ စတာပါပဲ။ ကိုယ်တိုင်ကလည်း အခန်းထဲကုတ်နေမိတာတစ်ကြောင်း၊ သူကို ခဏခဏ ငြင်းမိနေတာတစ်ကြောင်း၊ စိတ်လိုလက်ရလည်း ရှိနေတုန်း အပြင်ထွက်ကြတယ်ပေါ့။ ထွက်တော့လည်း ပျော်စရာ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ကာဖျူးနဲ့ချိန်ဆသွားလာတဲ့အကျင့် မပျောက်သေးတဲ့မောင်ကျောင်းသားက ည ၈နာရီခွဲ၊ ၉နာရီဆို အပြင်ထွက်လေ့ရှိသူမဟုတ်လို့ နေ့ဖက် ကျောင်းသွားကျောင်းပြန်ဖြတ်သွားနေကြ ‘တရားရုံး’ လမ်းတစ်လျှောက်က ဘားတွေဟာ အထဲဝင်ဖို့ လူတန်းရှည်တွေ တန်းစီရတဲ့အထိ စည်ကားတယ်ဆိုတာ အဲ့ညမှ သိလိုက်ရပါတယ်။ အများစုက ဘွဲ့ကြိုတန်းက ပျော်တတ်ကြသူ ၁၈-၂၀ကျော် လူဖြူကျောင်းသား/သူလေးတွေပါ။

ဘားများနဲ့စည်ကားတဲ့ အေသင်မြို့ရဲ့ တရားရုံးလမ်း ညမြင်ကွင်း © The CI
မှတ်ချက် - ဒီဓာတ်ပုံက ဘားတွေအပြည့်နဲ့လမ်းကိုထည့်ပြချင်လို့ ကိုယ်တိုင်ရိုက်ထားတာလည်းမရှိတာနဲ့ အင်တာနက်ကနေ ရှာထားတာပါ။ အကြောင်းအရာနဲ့မသက်ဆိုင်ပါဘူး  

မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ပွဲစျေးလျှောက်သလို လိုက်ကြည့်ပြီးမှ အဆင်ပြေမယ်ထင်တဲ့တစ်ဆိုင်ကို ဖုန်းထဲက ID ပြပြီး ဝင်လိုက်ပါတယ်။ ဆိုင်ထဲမှာ ထိုင်စရာနေရာလွတ်မရှိ လူအပြည့်မို့ ဘေးအဖီလိုဆွဲထားတဲ့နေရာက မတ်တပ်ရပ်သောက်လို့ရတဲ့နေရာမှာ တစ်နေရာဦးထားပြီး သူငယ်ချင်းက ဘားကောင်တာမှာ သောက်စရာ ၂ယောက်စာ သူသွားမှာပြီး သောက်ကြစကားပြောကြပေါ့။ ၂ခွက်မြောက်လောက်မှာ စကားပြောရင်းအားပါပြီး ပြာယာခတ်သူမောင်ကျောင်းသားက သူငယ်ချင်းရဲ့ဘီယာအပြည့်နီးပါးရှိနေသေးတဲ့ခွက်ကို တိုက်ချမိလိုက်တာ မှောက်ကုန်ပါလေရော။ အားနာတာနဲ့ ငါ တစ်ခွက်ထပ်ဝယ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်သွားမှာချိန်မှာ ဘားကောင်တာမှာ ဝန်ဆောင်မှုပေးတဲ့သူ လူဖြူအမျိုးသမီး ၂ယောက်ရှိပါတယ်။ ကောင်တာအပြည့်နီးပါး တန်းစီစနစ်နဲ့မဟုတ်ပဲ အဆင်ပြေသလို မှာနေတဲ့ လူတွေကို သူတို့လည်း အဆင်ပြေသလို ထည့်ပေးနေတာပါ။ မောင်ကျောင်းသားလည်း ဘားတစ်ဖက်ခြမ်းကအစွန်းမှာ ခဏစောင့်ပြီး တစ်ယောက်က ကိုယ့်ဘက်လာတဲ့အချိန် 

“ငါ ဘီယာထပ်မှာချင်လို့ပါ” လို့ပြောတာမှာ “နင် ၆ စက္ကန့်လောက်စောင့်မှရမယ်၊ ရေသောက်ချင်တာဆိုရင်တော့ ဘားဟိုဖက်ခြမ်းမှာ ကိုယ့်ဘာကိုယ်သွားယူ”

လို့ပြောပြီး ချာခနဲလှည့်ထွက်သွားပါတယ်။ မောင်ကျောင်းသားဘေးမှာ မှာဖို့ရပ်စောင့်နေတဲ့ လူဖြူကျောင်းသားလေးကတောင် မျက်လုံးပင့်ပြီး “သူ့စကားက တစ်မျိုးပဲ” လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်။ အဲ့အချိန် စိတ်အနှောက်အယှက်ကတော့ စ ဖြစ်ချင်နေပေမယ့် သေချာဖို့ လိုတယ်လေ။ ဒါနဲ့ပဲ သူ ကိုယ့်ဖက်ပြန်လာတဲ့အချိန်ထိစောင့်ပြီး 

“ခဏလေး... ငါ ဘီယာမှာမယ်ပြောတာ၊ နင်ကို ရေလိုချင်တယ်ပြောနေတာမဟုတ်ဘူး။ ငါ ခု ဘီယာမှာမယ်” လို့ထပ်ပြောတော့ “နင် တန်းမှ မစီနေတာ” တဲ့။ ဒါနဲ့ပဲ “ဘယ်သူမှ တန်းစီနေတာ ငါမမြင်ဘူး၊ နင်ပြောတဲ့ တန်းစီရမယ့်လိုင်းက ဘယ်မှာလဲ ငါ့ကိုပြ” လို့ ထပ်ပြောတော့မှ “မသိဘူး” 

ဆိုပြီး လှည့်ထွက်သွားပြန်ပါတယ်။ အဲ့အချိန်မှာတော့ မောင်ကျောင်းသားရဲ့ဒေါသက တိုင်းလို့သာရရင် ရှိတဲ့အရပ်ထပ်တောင် ကျော်နေပါဘီ။ ဒါနဲ့ပဲ သူ လှည့်ထွက်သွားတဲ့ ဘား နောက်တစ်ဖက်ခြမ်းအထိ ဆက်လိုက်သွားပြီး “ငါ ဘီယာမှာနေတာ၊ ငါ့ကို ဘီယာထည့်ပေး” လို့ ၃ ခါလောက် ခပ်မာမာလေသံနဲ့အသံကိုမြှင့်ပြောတော့ ဘေးက လူတချို့ကလည်း ကွက်ကြည့်ကွက်ကြည့် ကြည့်နေပါပြီ။ အဲ့တော့မှ ဘာဘီယာယူမှာလဲဆိုမေး၊ ဘီယာခွက်ကမ်းပေးပြီးမှ “ဆောရီး ခုန လူအရမ်းရှုပ်နေလို့” ဆိုပြီး ဝတ်ကြေတန်းကြေပြောပါတယ်။ ဘီယာနှုန်းထားကျသင့်သလောက် ပေးသောက်တာချင်းတူတူ လူဖြူမဟုတ်လို့ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာ တော်တော် မခံချိမခံသာ စိတ်အနှောက်အယှက်ဖြစ်စရာ အတွေ့အကြုံပါပဲ။ ဒါနဲ့ပဲ မောင်ကျောင်းသားနဲ့သူငယ်ချင်းလည်း ဘီယာကိုကုန်အောင်သောက်၊ ပြန်လာခဲ့ကြပြီး အွန်လိုင်းပေါ် က သူတို့ဆိုင်စာမျက်နှာမှာ ရီဗျူးဝင်ရေးဖို့ပြင်မှ ကိုယ်တွေလို ခံသူရတွေ အရင် ၂-၃နှစ်ကတည်းက ရေးထားတဲ့ အလားတူအတွေ့အကြုံတွေ ဖတ်ရပါတယ်။ လူဖြူမဟုတ်ရင် လိုအပ်တာထပ်အချိန်ကို ပိုစောင့်ခိုင်းတာကစပြီး စားစရာသောက်စရာမှာနေရင်လည်း အရေးမလုပ်တာ၊ အရက်ခွက်တွေကိုပိုသောက်ပါတယ်လို့ စွပ်စွဲတာ အဆုံးပါပဲ။ ဒီလို အော့နှလုံးနာစရာဝန်ထမ်းကို ဆက်ခန့်ထားတာ အံ့သြစရာပါပဲ။

ဒီအဖြစ်အပျက်အပြီး နောက် ၁၀ရက်လောက်ကြာတော့ တစ်ကြိမ်ထပ်ကြုံရပြန်ပါတယ်။ ဖြစ်ပုံက အဲ့နေ့က စနေနေ့ပေမယ့် မောင်ကျောင်းသားနဲ့သူငယ်ချင်းဖြစ်သူ ကျောင်းစာကြည့်တိုက်မှာ စာဖတ်နေကြတာပါ။ မောင်ကျောင်းသားလည်း စာတစ်အုပ်ကိုဖတ်ဖို့လိုလာတာကြောင့် အွန်လိုင်းစာကြည့်တိုက်စနစ်မှာ ရိုက်ရှာတော့ ၇လွှာက စာအုပ်စင်နံပါတ် ဘယ်လောက်က နံပါတ်ဘယ်လောက်မှာ သွားရှာပါလို့ ညွှန်းတာမို့ အဲ့စာအုပ်ကိုရှာဖို့ ၇လွှာတက်လာတာမှာ ဓာတ်လှေကားက ထွက်လိုက်ပြီးပြီးချင်း လူဖြူကျောင်းသား/သူ ၅ယောက် အနီးနားက စာကြည့်စားပွဲမှာ စာထိုင်လုပ်နေတာ မြင်ပါတယ်။ မောင်ကျောင်းသား သွားရမယ့် စာအုပ်စင်ကိုရှာဖို့ သူတို့စားပွဲဘေးကို ဖြတ်လာခဲ့တော့ သူတို့ချင်းခပ်တိုးတိုး စကားပြောပြီး ဝိုင်းရယ်သံတွေ ကြားပါတယ်။ စိတ်ထဲ တစ်မျိုးဖြစ်ပေမယ့် ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် တိုက်ဆိုင်နိုင်တာပဲလေဆိုပြီး ရှာရမယ့်စာအုပ် ရှာဖို့သာ ဆက်လာခဲ့ပါတယ်။ ဒါနဲ့ ရှာရမယ့်စာအုပ် ရှာတွေ့လာတော့ ယူလာခဲ့ပြီး ၄လွှာက စာကြည့်နေတဲ့နေရာပြန်ဆင်းဖို့ ဓာတ်လှေကားကိုစောင့်နေကြတဲ့အချိန်မှာပဲ မောင်ကျောင်းသားကိုကြည့်၊ သူတို့ချင်းတွက်ထိုးပြီး နောက်တစ်ခါ ဝါးခနဲ ထ ရယ်ကြပြန်ပါတယ်။ ဒါနဲ့ပဲ သူတို့ဖက် မျက်နှာချင်းဆိုင်လှည့်ပြီး “ဒီနားမှာ ရယ်စရာအရမ်းကောင်းတာ ရှိနေလို့လား။ ပြောပြပါဦး ငါ့ကိုလည်း” လို့ ခပ်တည်တည်ကြည့်ပြီး တစ်လုံးချင်းပြောတော့ ၅ယောက်လုံး တိတ်ဆိတ်သွားပြီး ကောင်လေးတစ်ယောက်က “ဆောရီး” လို့ မပွင့်တပွင့် တုန့်ပြန်ပါတယ်။ အဲ့အချိန် ဓာတ်လှေကားတံခါးကလည်း ပွင့်လာတာမလို့ အောက်ကို ဆင်းချလာလိုက်ပြီး ကိုယ့်နေရာကို ပြန်ထိုင်တော့ ဒေါသစိတ်နဲ့ လူက တုန်ရင်ပြီး ချမ်းတောင်လာတဲ့အထိပါပဲ။ 

အမေရိကားမှာ  ၁၆၀၀ ပြည့်နှစ်တွေကတည်းက လူဖြူတွေက လူမည်းတွေကိုကျွန်ပြု၊ ကျွန်တွေကို တရားဝင်ရောင်းကြဝယ်ကြတဲ့ ကျွန်စနစ်ကနေ စလာလိုက်တဲ့ လူမျိုးရေးခွဲခြားမှုဟာ နှစ်ကာလတွေပြောင်းလာလို့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေကနေတဆင့် အမေရိကန်နိုင်ငံသားတိုင်း ဥပဒေကြောင်းအရ တန်းတူအခွင့်အရေးတွေ ရလာပေမယ့် လူဖြူတွေက လူမည်းအပါအဝင် တခြား အမေရိကန်နိုင်ငံသားလူမျိုးစုံကို လူမျိုးကြီးဝါဒနဲ့ ခွဲခြားဆက်ဆံနေတာတော့ အမြစ်တွယ်နေဆဲပါပဲ။ ဥပဒေကြောင်းအရ အကာအကွယ်ပေးထားတာမလို့ တိုက်ရိုက်ခွဲခြားဆက်ဆံမှုတွေလုပ်တာ နည်းပါးသွားပေမယ့် ဥပဒေကိုလက်တစ်လုံးကြားလုပ်ပြီး မသိမသာ၊သိမ်သိမ်မွေ့မွေ့ ခွဲခြားဆက်ဆံမှုတွေကတော့ နေရာတိုင်းမှာ ရှိနေဆဲပါပဲ။ ဒီလိုလုပ်သူတွေမှာ သိလျက်နဲ့ကျူးလွန်းကြသူတွေရှိသလို ကိုယ့်အပြောအဆို၊ အပြုအမူဟာ လူမျိုးရေးခွဲခြားမှုကို သက်ရောက်မှုရှိတယ်ဆိုတာ မသိလို့ ပြောမိလုပ်မိနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ 

မြင်သာတဲ့ ဥပမာတစ်ချို့ပေးရရင် မောင်ကျောင်းသားတို့နိုင်ငံမှာဆို တိုင်းရင်းသားနာမည်တွေဆို လှောင်ပြောင်ပြီး စကြတာမျိုး၊ ဘာသာခြားလူမျိုးမလို့ အိမ်ခန်း/ဆိုင်ခန်း မငှါးနိုင်ဘူးလို့ ငြင်းတာမျိုးတွေလိုမျိုးတွေပေါ့။ အမေရိကားမှာလည်း လက်တင်အမေရိကားတိုက်က မက်ဆီကို၊ ဘရားဇီး စတဲ့ နိုင်ငံတွေကနေ ရွှေ့ပြောင်းလာတဲ့သူတွေက အိမ်သန့်ရှင်းရေးအလုပ် လုပ်ကြတာများလို့ သူတို့ကို “အိမ်ဖော်” တွေလို့ နာမည်ပြောင်းတပ်ပြီး နှိမ်ခေါ်တာမျိုး၊ အာရှလူမျိုးတွေကိုဆို အသားဝါတဲ့အရောင်ရှိလို့ “မျောက်ဝါ” တွေလို့ လှောင်ပြောင်ခေါ်တာမျိုး၊ အမေရိကားမှာပဲမွေး၊ကြီးပြင်းကြတဲ့ အာရှသွေး အမေရိကန်လူမျိုးတွေကို အပြင်အသားအရောင်က ဝါပေမယ့် စိတ်ကတော့ လူဖြူစိတ်ဖြစ်နေလို့ “ငှက်ပျောသီး” လို့ နာမည်ပြောင်ပေးတာမျိုး ငါတို့လူဖြူတွေနဲ့မတူဘူးဆိုတာကို ပုံစံစုံ ခွဲခြားဆက်ဆံနေကြဆဲပါပဲ။ ခွဲခြားမှုတွေအပြင် လူမျိုးအပေါ်အခြေခံတဲ့ လူမှုပုံစံသွင်းတဲ့အပြောအဆိုအကျင့်အကြံတွေလည်ရှိပါတယ်။ “အာရှကဆိုတော့ သခ်ျာနဲ့အတွက်အချက် တော်မှာပဲ” ပဲလို့ လှေနံဓားထစ် ယူဆထားတာမျိုး။ “နင် အဂ်လိပ်စာက ကောင်းလိုက်တာ၊ ဒေသခံတွေအတိုင်းပဲ” လို့ ချီးကျူးသလိုလိုနဲ့ အာရှတိုက်သား/သူတွေ နိုင်ငံတကာဘာသာစကားနဲ့ပြောဆိုဆက်ဆံနိုင်တာကို အံ့သြပြတာမျိုး မျိုးစုံပေါ့လေ။ ကိုဗစ်ကပ်ဘေးမှာတော့ ဒေါ်နယ်ထရန့်ကိုယ်တိုင်က တရုတ်ကစတဲ့ ကပ်ဘေးဆိုပြီး ဗြောင်ကျကျပြောဆိုတာမို့ အဲ့ဒီကာလကစပြီး တရုတ် ရုပ်ရည်သွင်ပြင်ရှိတဲ့သူတိုင်းကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ကြတဲ့အခြေအနေတွေအထိ လူမျိုးရေးအပြင် အမုန်းတရားအခြေခံတဲ့ ကျူးလွန်မှုတွေ များလာကြောင်း မီဒီယာတွေက ရေးကြသလို သုသေတနအချက်အလက်တွေလည်း ထွက်လာပါတယ်။

ဒီလို လူအချင်းချင်းကိုလူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ မနှစ်မြိုစရာအတွေ့အကြုံကို ကြုံရသူအများစုဟာ အကြောင်းကြောင်းကြောင့် ပြဿနာမဖြစ်ချင်လို့  မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်နေပြီး စကားနည်းရန်စဲ နေလိုက်ကြတာများပါတယ်။ အကြောင်းကြောင်းဆိုတာ မျိုးစုံဖြစ်နိုင်ပါတယ်။ တချို့ဟာ တရားဝင်နေထိုင်ခွင့်နဲ့ နေသူတွေမဟုတ်တာမို့ မခံချင်လို့ တုန့်ပြန်မိရင် မီးခိုကြွက်လျှောက်သလို ကိုယ့်အခြေနေတွေပါ ပေါ်ကုန်မှာစိုးရိမ်တာမျိုးဖြစ်နိုင်သလို တရားဝင်ကျောင်းသားဗီဇာနဲ့နေနေတဲ့ မောင်ကျောင်းသားတို့လို ကျောင်းသားတွေတောင် နိုင်ငံသားလူဖြူတွေနဲ့ ရန်ဖြစ်တာမျိုး၊ ပြဿနာဖြစ်လာရင် အဆိုးဆုံးဖြစ်နိုင်တဲ့အခြေနေက ကျောင်းထုတ်ခံရတာမျိုး ဒါမှမဟုတ် ကျောင်းမပြီးခင် ဒီနိုင်ငံက ထွက်သွားရတာမျိုးတွေလည်း ဖြစ်လာနိုင်တာမလို့ မတုန့်ပြန်ကြဘူးပေါ့။ မောင်ကျောင်းသားကတော့ ရန်ကိုရန်ချင်းတုန့်ပြန်တာမျိုးလုပ်ဖို့တော့ စိတ်ကူးလည်းမရှိ၊ တလွဲသတ္တိလည်းမရှိပေမယ့် ဒီတိုင်းငြိမ်ခံလိုက်တာတော့ သဘာဝမကျဘူးလို့ ခံယူပါတယ်။ နှုတ်နဲ့စော်ကားရင် အဲ့နှုတ်ကို နောက်တစ်ခွန်းထပ်မထွက်ရဲအောင် ကိုယ်လည်းနှုတ်နဲ့တုန့်ပြန်မှ သဘာဝကျမယ်လို့ ယူဆပါတယ်။ ကိုယ့်မှာအခွင့်အရေးအပြည့်ရှိနေလျက်နဲ့ ကိုယ့်ကို ခွဲခြားဆက်ဆံရင် ကိုယ့်အခွင့်အရေး ကိုယ်ရအောင် နည်းမျိုးစုံနဲ့ကြိုးစားရပါမယ်။ ခွဲခြားဆက်ဆံခံရတဲ့အခါ မောင်ကျောင်းသားရဲ့ ခံယူချက်ကတော့ သူတို့ခွဲခြားချင်တဲ့အရာကို အနုနည်းနဲ့ပြန်စိန်ခေါ်ပြီး ကိုယ့်အခွင့်အရေးကိုယ်ရအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့် စျေးနှုန်းတူချင်းပေးသောက်တာကို အသားရောင်မတူလို့၊ လူမျိုးမတူလို့ ဝန်ဆောင်မှုမပေးချင်တဲ့ လူဖြူအမျိုးသမီး ဘီယာဖြည့်ပေးတဲ့အထိ ကိုယ်လိုချင်တာရအောင် လုပ်ခဲ့တာပါ။ နင်ငါကိုခွဲခြားဆက်ဆံတာလားလို့ ဒဲ့စိန်ခေါ်ရင်  ၂၀၂၄ခုနှစ်မှာ ဘယ်သူမှ အမှန်အတိုင်းဝန်ခံမှာမဟုတ်ဘူးလေ။ ပြီးတော့ အဖြစ်အပျက်က သူရယ်၊ မောင်ကျောင်းသားရယ်၊ ဘေးကမတ်တပ်ရပ်နေတဲ့ကောင်လေးရယ်အပြင် ဘယ်သူမှ မသိနေပါဘူး။ အာရှတိုက်သားတွေ့တာနဲ့ ငါတို့နဲ့မတူဖူးဆိုပြီး မသိစိတ်ကနေ အဆင်အခြင်မရှိ အလေးအနက်မရှိ ခွီချင်ကြတဲ့ ကျောင်းသားတစ်သိုက်ကိုလည်း တစ်ခွန်းတော့ ပြန်ပြောခဲ့မှ လူချင်း ရယ်စရာမဟုတ်ဘူး၊ လူတိုင်းကိုလုပ်မရဘူးဆိုတာအတွေးပေါ်ပြီး နောက်ထပ်လုပ်ဖို့ လက်တွန့်သွားနိုင်တယ်လေ။ 

ဒီအဖြစ်အပျက်နှစ်ခု ကြုံတွေ့ပြီးကတည်းက နဂိုဒေါသဖြစ်လွယ်တဲ့စိတ်က လူဖြူတွေကိုမြင်တာနဲ့ အကြောတွေတောင့်တင်းလာတဲ့အထိ သွေးဆူလာတာ အကြိမ်ကြိမ်ပါပဲ။ မျက်နှာလည်း လိုအပ်တာထက် ပိုတည်တင်းနေတာမျိုး၊ နဖူးကြောနဲ့မျက်လုံးက အလိုလိုကျုံလာတာမျိုး ဖြစ်လာတာလည်း ကိုယ့်ဘာသာ သတိထားမိနေပါတယ်။ ဒီလို ကိုယ့်ကိုကိုယ်ကာကွယ်ချင်တဲ့စိတ်က ပုံမှန်ထက် ပိုများနေတယ်လို့ ကိုယ့်ဘာသာသိနေတဲ့အခါ စိတ်နှလုံးက မသာယာသလို စိတ်လည်း အင်မတန် ပင်ပန်းပါတယ်။ ညစာကျွေးသွားဖူးတဲ့ ဘီးလ်တို့စန္ဒီအကြောင်း၊ အဝတ်လျှော်ဆိုင်မှာ အကြွေစေ့လိုနေလို့ ငါ့မှာပိုနေတယ်ဆိုပြီး လိုတဲ့အကြွေစေ့တွေပေးသွားတဲ့ လူဖြူအဖိုးကြီးအကြောင်း၊ ကော်ဖီဝယ်ဖို့တန်းစီးရင်း စကားစမြည်ပြောရင်းကနေ ကော်ဖီဝယ်တိုက်သွားတဲ့ ကျောင်းသားအကြောင်း၊ မတွေ့ဖြစ်ရင်တောင် ၂ပတ်တခါလောက် မက်ဆေ့ပို့ပြီး အဆင်ပြေလား မေးတတ်တဲ့ ဝင်ဒီတို့အကြောင်းတွေပြန်တွေးပြီး လူကောင်းတွေလည်း အများကြီးရှိတယ်လို့ ကိုယ့်ဘာသာ ပြန်သတိပေးရတာ အခါခါပါပဲ။ 

အခက်အခဲတွေကြုံလာရင် စိတ်လုံခြုံတယ်ထင်တဲ့နေရာတွေ ချင်းမိုင်း၊ ရန်ကုန်နဲ့ အိမ်ကို ပြန်ပြေး ချင်စိတ်တွေပေါက်တာလည်း အခါခါပါ။ ဒီတစ်စောင်ကတော့ မောင်ကျောင်းသားရဲ့ စိတ်နှလုံးမသာယာစရာ အမှောင်ခြမ်းက အတွေ့အကြုံပေါ့လေ။ 


ဒီမျှသာ

မောင်ဆိုင်မွန် 

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် 

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ) 



Thursday, October 10, 2024

အိမ်နီးချင်းရယ်၊​ အိမ်ရယ်၊​ အတွေးတချို့ရယ်

ဘင်္ဂလားဒေရှ့်ကလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူ့နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မကြာခင်ကအောင်မြင်သွားတဲ့လူထုလှုပ်ရှားမှုအကြောင်းလာပြောတော့ လာတက်ကြတဲ့တစ်ခန်းလုံးကသူတွေက စာနာအံ့ဩစွာ စုတ်တသပ်သပ်နဲ့ပေါ့လေ။ ဒီထက်အများကြီးဆိုးတဲ့ခြေနေတွေ ကိုယ့်နိုင်ငံမှာဖြစ်နေတော့ သူပြတဲ့ဓာတ်ပုံနဲ့အကြောင်းအရာတွေကို ဘာ ခံစားချက်မှာမရှိ၊ မထူးဆန်းသလို တုန့်ပြန်မိတဲ့ ကိုယ့်ခံစားချက်ကိုလည်း ကိုယ့်ဘာသာ သတိထားမိတယ်။ 

ဌာနကပွဲစီစဉ်သူ ပါမောက္ခကလည်း ဒီနှစ်ဘွဲ့လွန်အစီအစဉ်မှာ မြန်မာကကျောင်းသားတစ်ယောက်လည်းရှိကြောင်း သူ့ကို ကြိုပြောပြထားကြောင်း ဆွေးနွေးပွဲပြီးလို့ သွား မိတ်ဆက်စကားပြောမှ သိရတယ်။ သူ့ကို ဘေးကပ်လျက်အိမ်နီးချင်းနိုင်ငံမှာ လူထုလှုပ်ရှားမှုအောင်မြင်သွားတာ ဝမ်းသာကြောင်းနဲ့ လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနက်စ် ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကာလလွန်ရင် ပြီးခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးကျူးလွန်သူတွေကို အရေးယူတာဝန်ခံစေမယ့်ကိစ္စတွေကို တရားဝင်ထုတ်ပြောနေလား၊ ဘင်္ဂလားဒေရှ့်ပြည်တွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပုဂ္ဂလိကမီဒီယာတွေကရော ဒီကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောနေလား မေးဖြစ်ပါတယ်။ ၂၀၁၀ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေကျူးလွန်ခဲ့သမျှကို တာဝန်ခံစေဖို့ နိုင်ငံတကာအပါအဝင် အစုအဖွဲ့အသီးသီးက ပြောခွင့်ဆောင်ရွက်ခွင့်မရခဲ့၊ ပြုပြင်ပြောင်းလဲရေးကလည်း တစ်ဖက်သတ်ပဲ ဖြစ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလည်း ထင်သလို ခရီးမရောက်ပဲ နောက်ဆုံးတော့ အာဏာသိမ်းခံရတဲ့တွင်းနက်ထဲပဲ ပြန်ရောက်တယ် ယူဆကြောင်း ဥပမာပေး ဆွေးနွေးဖြစ်ပါတယ်။

သူကတော့ မြန်မာအရေးက ဘင်္ဂလားဒေ့ရှ်ထက် အဆများစွာ ရှုပ်ထွေးနက်နဲတာ သဘောတူသလို တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တဲ့အခန်းကဏ္ဍကိုလည်း အိန္ဒိယက ဘင်္ဂလားဒေရှ့်ကို အလုပ်မဖြစ်စေချင်လို့ ခြယ်လှယ်တဲ့အကြောင်း ဥပမာပေး​ထောက်ပြပါတယ်။

ဘင်္ဂလားဒေရှ့်ပြည်သူတွေထက် အဆများစွာ သတ္တိရှိရှိ ရင်ဆိုင်နေပေမယ့် အလှမ်းရှည်သွားနေရတဲ့ ကိုယ်တွေရဲ့ တော်လှန်ရေးခရီးအကြောင်း ယှဉ်ထိုးစဉ်းစားပြီး မချင့်မရဲ စိတ်မကောင်းမိတဲ့ ညနေပေါ့လေ။


Why Us – All the Time?

This is the question I ask myself these days - why me and why us all the time?  In November 2020, as COVID-19 restrictions eased just a litt...