Wednesday, August 21, 2024

မောင်ကျောင်းသား ၄ - နယ်လ်ဆင်ဗီးလ် (Nelsonville) ချီတက်ပွဲက လုပ်အားပေး

လုပ်အားပေးဇာတ်လမ်းက ဘယ်တာက စထွက်သလဲဆိုရင် မောင်ကျောင်းသားရဲ့ (ကိုယ်စိတ်ဝင်စားတာဆိုရင် မရမက) လျှာရှည်တတ်တဲ့ဥာဥ်က စထွက်တယ်လို့ ပြောရမလိုပါပဲ။​ ဖြစ်ချင်တော့ ကျောင်းရှိတဲ့အေသင်မြို့လေးကို ကျောင်းတွေမဖွင့်ခင် သုံးပတ်ကျော်လောက် စောရောက်နေလေတော့ ကောလိပ်ကျောင်းတစ်မြို့လုံးဟာ ခြောက်ကပ်နေတာပါပဲ။ နွေရာသီ လတိုသင်တန်းလာတက်ကြတဲ့ ကျောင်းသူ/သားတစ်ချို့နဲ့ ပါရဂူတန်းက ကိုယ့်ရုံးခန်းနဲ့ကိုယ် သုသေတနလုပ်ခွင့်ရတဲ့ ဥာဏ်ကြီးရှင်တွေကလွဲရင် ကျောင်းမှာ ဘယ်သူမှမရှိပါဘူး။ ဒါနဲ့ အချိန်တွေအားနေလို့ စိတ်နောက်ကိုယ်ပါနိုင်ပြီး လုပ်ချင်တာတွေလုပ်ဖို့ အချိန်တချို့ရနေတယ် ဆိုပါတော့။​ 




ဧက (၁၈၀၀) ကျော်ကျယ်တဲ့ ကျောင်းတစ်ခွင်ကို စျေးတန်လို့ Facebook Marketplace ကနေဝယ်လိုက်နိုင်တဲ့ တစ်ပတ်နွမ်းစက်ဘီးတစ်စီးနဲ့ သုံး၊လေးရက် မမောမပန်းပတ်ပြီးတဲ့အခါ လမ်းတွေ့ပြုံးပြနှုတ်ဆက်တဲ့သူစိမ်းတွေကလွဲရင် စကားပြောစရာ အပေါင်းအသင်းမရှိသေးတော့ လူက ကယောင်ခြောက်ခြားဖြစ်လာပါလေရော။ ဒါနဲ့ပဲ မဖြစ်ချေဘူး၊ လူတွေနဲ့ပြောဆိုခွင့်ရနိုင်တာ တစ်ခုခုတော့ လုပ်မှပါလေဆိုပြီး ဘယ်နေရာရောက်ရောက် နိုင်ငံရေးနဲ့မကင်းချင်သူ အမောင်ကျောင်းသားက ဒီ အေသင် စီရင်စု (County) က ဒီမိုကရက်တစ်ပါတီ ဝက်ဘ်စာမျက်နှာကို တူးဆွ၊၊ သူတို့မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဆက်သွယ်ရနိုင်မယ့် လျှပ်ချောလိပ်စာတစ်ခုကို လိပ်မူပြီး လျှပ်ချောစာတစ်စောင် စိတ်ထဲပေါ်သမျှတွေ ရှည်ရှည်ဝေးဝေး ရေးပို့လိုက်မိပါတယ်။​ 


ငါကတော့ အရှေ့တောင်အာရှထဲက မြန်မာနိုင်ငံကနေ ဘွဲ့ကြိုလွန် မဟာတန်းလာတက်တဲ့ ကျောင်းသားပါ။ ကျောင်းလည်းမဖွင့်သေး အချိန်လည်း နည်းနည်းအားနေလို့ ပါတီမဲဆွယ်စည်ရုံးရေးတွေရှိရင် ငါလိုက်လေ့လာရင်း ကူညီချင်တယ်။ ဘာအလုပ်တွေလုပ်ဖူးတယ်၊ နင်တို့ ငါနဲ့ သင့်တော်မယ်ထင်တဲ့နေရာ လုပ်ခိုင်းပါ။​ ငါ့နိုင်ငံမှာ ငါတို့မဲတွေနဲ့ရွေးကောက်ပွဲက အနိုင်ကျင့်ခံထားရသည့်တိုင် နင်တို့ရွေးကောက်ပွဲအတွေ့အကြုံတွေမှာ နည်းနည်းဖြစ်ဖြစ် ပါဝင်လေ့လာရင်း ဇာတိနဲ့ အဝေးဆုံး ဒီရောက်နေတဲ့ခဏကို အဓိပ္ပာယ်ပြည့်ဝချင်တယ်။


လို့ ပွားလိုက်လေတော့ ၂၄နာရီမပြည့်ခင်မှာပဲ  ဝင်ဒါ (Wenda) ဆိုတဲ့နာမည်နဲ့ တစ််ကြောင်းထဲရေးထားတဲ့ လျှပ်ချောစာ တစ်စောင် ပြန်ပို့လာပါတယ်။​ ဆက်သွယ်လာတာ ဝမ်းသာတယ်၊​ နင့်ဖုန်းနံပါတ်လေး ထားခဲ့ပေးမလား၊ ငါဖုန်းခေါ်မယ်တဲ့။ (လူချင်းတွေ့မှ ဝင်ဒါ ပြန်ပြောပြတာက သူတို့ကို အမေရိကန်မဟုတ်တဲ့သူတစ်ယောက်က ဆက်သွယ်လာတာ တခါမှမကြုံဖူးတော့ ပြိုင်ဖက်ပါတီကနေ လုပ်ဇာတ်ခင်းပြီး သတင်းနှိုက်တယ်ထင်တာကြောင့် ဖုန်းပြော စကားပြန်နှိုက်မယ်ဆိုပြီး ဖုန်းနံပါတ်တောင်းတာလို့ ရယ်မော ပြောပြပါတယ်။) ဒါနဲ့ပဲ သူက ဖုန်းထဲကတစ်ဆင့်ပဲ အပြန်အလှန်မိတ်ဆက်ကြပြီးတော့ သူတို့လုပ်နေတဲ့ လက်တလောအလုပ်တွေအကြောင်း ရှင်းပြ၊ ပွဲတစ်ချို့လည်း လာခဲ့ဖို့ ဖိတ်သလို မောင်ကျောင်းသားကလည်း  အမေရိကန်ရွေးကောက်ပွဲအတွေ့အကြုံကို လုပ်အားပေးလေ့လာချင်လို့သာ ဆက်သွယ်ရတဲ့အကြောင်း၊ လုပ်အားပေးအနေနဲ့ အခငွေကြေး ဘာဆိုဘာမှ ယူလို့မရတဲ့အကြောင်း၊​ ပညာသင်ဆုပေးတဲ့အဖွဲ့အစည်းကလည်း အခငွေကြေးအလုပ်တွေအတွက် ခွင့်မပြုထားကြောင်း သေချာအောင် ပြောပြဖြစ်ပါတယ်။ ဝင်ဒါက ဖုန်းချခါနီးမှာ ကမ္ဘာကြီးကို ရွာကြီး (ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ပြဿနာဖြစ်ဖြစ်၊ နေရာတိုင်းမှာ ဆိုးကျိုးအနည်းနဲ့အများ တစ်နည်းမဟုတ်တစ်နည်း ရှိနိုင်တယ်) လို့မသိသေးတဲ့ အမေရိကန်လူငယ်တွေအများကြီး ကောင်းရေ၊​ တကယ်လိုများ နင်အဲ့လိုလူတွေနဲ့ နောင်တွေ့ရင် ငါ ကြို တောင်းပန်တယ်နော်လို့ ​ချိုသာယဥ်ကျေးတဲ့ လောကွက်စကား ပြောရှာလေရဲ့။​


ဝင်ဒါ (Wenda) အကြောင်း အတိုချုံးပြောပြချင်ပါတယ်။​ ဝင်ဒါက အငြိမ်းစားပါ။ အသက် ၇၀နီးပါးလို့မထင်ရအောင် နုပျိုသွက်လက်ပါတယ်။​ ခုလာမယ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အိုဟိုင်းယိုးပြည်နယ်အဆင့်အောက်လွှတ်တော်ရဲ့ အမတ်နေရာအတွက် ဝင်ပြိုင်နေတာပါ။​ နဂိုကတော့ သူပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။​ ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့်သူမရှိလို့ မပြိုင်ပဲနဲ့တော့ တစ်ဖက် (ရီပါပလစ်ကန်) ပါတီကို ပြိုင်ဖက်မဲ့အနိုင်မပေးနိုင်ဘူးဆိုတဲ့ ခံစားချက်နဲ့ သူ ဝင်ပြိုင်ဖြစ်တယ်လို့ ဆိုပါတယ်။​ သူ့စကားအရဆိုရရင် ရွေးကောက်ပွဲဝင်ပြိုင်ရင် ရပ်ထဲရွာထဲကဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပါတီတွေ ဘယ်လို ခံယူတယ်၊ ​ရပ်တည်တယ်၊​ ပိုကောင်းအောင် ဘာလုပ်ပေးမယ်ဆိုတာကို ဒေသခံတွေက သိခွင့်ကြားခွင့်ပိုရပြီး သူတို့ဆန္ဒအလျှောက် ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတယ်။​ ငါ နိုင်ချင်မှလည်း နိုင်မယ်၊ ဒါမယ့် ဝင်ပြိုင်ဖို့က နိုင်ဖို့မနိုင်ဖို့ထက် ဒီဒေသအတွက် အရေးကြီးတယ်တဲ့။​ (ဒီနေရာမှာပြောရရင် ကာယအားသုံးရတဲ့ အလုပ်သမားနဲ့ ယာသမားလူတန်းစားများတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ဒေါ်နယ်လ်ထရမ့်ထောက်ခံသူ အဆမတန်များပါတယ်။​ အိမ်ရှေ့တွေမှာတောင် အမေရိကန်အလံနဲ့အတူ ထရမ့်ရဲ့ ‘Make American Great Again’ စာပါတဲ့ အလံပါ လွှင့်ထားတဲ့ အိမ်တွေ အများကြီးပါပဲ။ ဒီမိုကရက်တွေရဲ့ ရည်ရွယ်ချက်က ဒီရွေးကောက်ပွဲတစ်ခုနိုင်ဖို့ထက် ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကတဆင့် နောင်မှာ ဒီ ပြည်နယ်ကို အနီရောင် (ရီပါပလစ်ကန်ပါတီအရောင်) ကနေ အပြာရောင် (ဒီမိုကရက်တစ်ပါတီအရောင်) ထောက်ခံသူတွေအများစုဖြစ်အောင် ပြောင်းနိုင်ဖို့ ရည်ရွယ်လှုပ်ရှားကြတယ်လို့ ခန့်မှန်းမိပါတယ်။)​ အမတ်လောင်း ဝင်ဒါက အချဥ်တော့ မဟုတ်ပါဘူး။  ဥပဒေဘာသာနဲ့ ဘွဲ့ရခဲ့ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူထားခဲ့တဲ့သူပါ။ အိုဟိုင်းယိုးပြည်နယ်၊ အေသင် စီရင်စုက တရားရုံးမှာ နှစ် (၂၀) ကျော် ရှေ့နေလုပ်ခဲ့သလို မောင်ကျောင်းသားတက်တဲ့ အိုဟိုင်းယိုးတက္ကသိုလ်မှာလည်း ဆရာမ လုပ်ခဲ့ဖူးပါတယ်။​




ဒါနဲ့ပဲ ဝင်ဒါရဲ့ကျေးဇူးနဲ့ အေသင်ကနေ ၁၃မိုင်ဝေးတဲ့ နယ်လ်ဆင်ဗီးလ်ဆိုတဲ့မြို့လေးက လမ်းလျှောက် ချီတက်ပွဲမှာ ပါဝင်ပြီး ဒီမိုကရက်ပါတီတွေမဲဆွယ်တာကို လေ့လာလုပ်အားပေးခွင့်ရပါတယ်။​ သူကိုယ်တိုင် မောင်ကျောင်းသားနေတဲ့အိမ်ရာအထိ ကားမောင်းပြီး လာကြိုပြန်ပို့ လုပ်ပေးတဲ့အထိ တစ်ပြည်သားကျောင်းသားအပေါ် အလေးထားရှာပါတယ်။​ ​ဒီချီတက်ပွဲက အသင်းအဖွဲ့အသီးသီးစုရုံးပြီး ဆိုကတီးမှုတ် အလှပြတန်းစီချီတက်တာကို ဒေသခံတွေက ကိုယ်အိမ်ရှေ့အသီးသီးကနေ အားပေးကြတာပါ။​ ချီတက်သူတွေက ကလေးတွေကို သကြားလုံးတွေလည်း ကြဲကြတာမို့ ပျော်စရာပေါ့။ ဒီမိုကရက်တွေရဲ့နည်းတူ၊​ ရီပါပလစ်ကန် (ထရမ့်) ပါတီကလည်း လာမဲဆွယ်ကြပါတယ်။​ အစဥ်လိုက်ချီတက်မဲဆွယ်ကြတဲ့အခါ အားပေးကြသူတွေကလည်း ကိုယ်ထောက်ခံတဲ့အဖွဲ့ဆို လက်ခုပ်လက်ဝါးတီးပြီးတစ်မျိုး၊​ လက်မထောင်ပြီးတစ်ဖုံ၊ အော်ဟစ်ကပြပြီးတစ်သွယ် အားပေးထောက်ခံကြောင်း ပြကြပါတယ်။​ ဝင်ဒါနဲ့အတူ တခြားဆိုင်ရာလစ်လပ်တဲ့နေရာအသီးသီးကိုဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း လမ်းလျှောက်ချီတက်နေရင်းကတဆင့် မြို့ခံတွေကို လက်ဆွဲနှုတ်ဆက်၊ သူတို့အကြောင်း ခပ်တိုတိုခပ်မြန်မြန် မိတ်ဆက်ပြီး မဲဆွယ်ပုံနည်းနာတွေကိုလည်း မှတ်သားခွင့်ရပါတယ်။​ ခပ်မြန်မြန်မိတ်ဆက်ကြရတဲ့အခါ ဓမ္မဓိဌာန်ကျတဲ့ မူဝါဒရေးရာတွေကို များများမပြောပဲ လူ လူချင်း၊ နှလုံးသားချင်း ဂျက်ပင်ထိုးနိုင်မယ့် ပုဂ္ဂလိကဆန်တဲ့အကြောင်းအရာတွေနဲ့ မိတ်ဆက်ပြောကြတာများပါတယ်။ ဥပမာ - ဝင်ဒါဆိုရင် သူက ကလေးနှစ်ယောက် အမေ၊ မြေး ၂ ယောက် အဘွား စသဖြင့် မိတ်ဆက်သလို ဝါရှင်တန်ဒီစီရဲ့ အောက်လွှတ်တော်အမတ်နေရာဝင်ပြိုင်တဲ့ ဂျက်ရက်ဆိုရင် သူ စက်ရုံစောင့်အလုပ်လုပ်ပြီး ကျောင်းတက်ခဲ့ရကြောင်း၊ နောက် အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင့် မိတ်ဆက်ပြီးမှ သူတို့ မူဝါဒရေးရာတွေကိုရေးထားတဲ့ လက်ကမ်းစာစောင်တွေပေးပြီး မဲဆွယ်ပါတယ်။



ထောက်ခံသူ၊ ဆန့်ကျင်သူတွေရဲ့ တုန့်ပြန်ပုံတွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့မထောက်ခံရင် လက်ဆွဲနှုတ်ဆက်ဖို့အမတ်လောင်းတွေက လက်ကမ်းပေးရင်တောင် ပြန်လက်ဆွဲမနှုတ်ဆက်ပါဘူး။ မိတ်ဆက်ပြီး ငါတို့ကိုမဲပေးပါလို့ပြောရင် ငါကတော့ ထရမ့်နဲ့သူ့ပါတီကိုပဲ မဲပေးမှာလို့ ခွန်းတုန့်ပြန်သူတွေလည်း ရှိပါတယ်။​ အမတ်လောင်းတွေကလည်း ‘ဒါဆိုလည်း ကောင်းပါပြီ’ လို့ ပြန်ပြောပြီး အပြုံးမပျက်ပါပဲ။ နည်းနည်းဆိုးသွမ်းသူ ဆယ်ကျော်သက် ယောကျာ်လေးတစ်ချို့လည်း ကြုံရပါတယ်။ ဒီမိုကရက်တွေက ‘ငါတို့ကတော့ နောက်ကြောင်းပြန်မသွားနိုင်ဘူး (We are not going back) လို့ ကြွေးကြော်ချီတက်နေကြရင် ဒါဆို နင်တို့က ဘယ်သွားမှာလဲ (Where are you going then?) ဆိုပြီး အော်ဟစ်ပြီး မခံချင်အောင် ပြောကြသလို တစ်နေရာမှာတော့ လူဖြူနဲ့လူမဲအများစုကြားမှာ အာရှသား တစ်ယောက်ထဲ ဝင်ဒါရဲ့နာမည်နဲ့ဆိုင်းဘုတ်ကိုကိုင်ပြီး ချီတက်နေတဲ့မောင်ကျောင်းသားကို နင်က ဒီမှာ ဘာလာလုပ်နေတာလဲလို့ လှောင်တဲ့ လူဖြူတစ်ယောက်ကိုလည်း ကြုံရပါတယ် (သဘောကတော့ ဒါ နင့်နေရာမဟုတ်ဘူး၊ ပြန်ပါပေါ့လေ)။ 



၂နာရီနီးပါကြာတဲ့ချီတက်လမ်းလျှောက်ပြီး ဝါးတန်းထိုးထားတဲ့ ဆိုင်းဘုတ်ကြီးကိုင်ရလို့ နာကျင်တာမျိုးရှိပေမယ့် မောင်ကျောင်းသားရဲ့ပထမဆုံးသော အမေရိက၊​ အနောက်အလယ်ပိုင်းဒေသရဲ့ အလုပ်သမားလူတန်းစားစစ်စစ်ကြားထဲက အတွေ့အကြုံမို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဝင်ဒါကတော့ မောင်ကျောင်းသားကို သူ့အတွက်လုပ်အားလာပေးတဲ့ တခြားမိတ်ဆွေတွေနဲ့ရော သူတို့ပါတီဝင်တွေနဲ့ကို မမောမပန်းနိုင် မိတ်ဆက်ပေးရှာပါတယ်။ အိုဟိုင်းယိုးပြည်နယ်ထဲမှာမှ အရှေ့တောင်ပိုင်း၊​ ဟောကင်းတောင်တန်းဒေသဘေးက တောလို့လည်းမဆိုနိုင်၊ မြို့ပြလို့လည်းမတွင်တဲ့နေရာမလို့ သူတို့အတွက် ဆုံရခဲတဲ့ အာရှထဲကမှ မြန်မာပြည်ကကျောင်းသားကို တကူးတက စကားလာပြောကြ၊ မေးမြန်းကြ၊ စပ်စုကြ၊​ ဖော်ရွေကြတာများ မြန်မာပြည်က နီပေါနဲ့နီးလားလို့ သူတို့သိတာကြိုးစားမေးသလို၊ (ဒေါ်) အောင်ဆန်းစုကြည်ကို ငါတော့ စိတ်ပျက်မိတယ်၊​ ရိုဟင်ဂျာတွေအပေါ် သူမကြင်နာဘူးလို့လည်း ကမ္ဘာ့မီဒီယာကပြောတဲ့အချက်အလက်နဲ့ လာစပ်စုကြလည်း ရှိပါတယ်။ 
ဒီမြို့မှာ လာရိုက်သွားတဲ့ ရုပ်ရှင်သုံးကားရှိကြောင်း ကားနာမည်တွေရွတ်ပြပြီး ကြည့်ဖြစ်အောင်ကြည့်ပါဦးလို့ နယ်လ်ဆင်ဗီးလ်က ရဲအရာရှိကလည်း လာနှုတ်ဆက်စကား ပြောပါသေးတယ်။


ဝင်ဒါကတော့ မောင်ကျောင်းသားကိုအိမ်ပြန်ပို့ပေးတဲ့လမ်းမှာ သဘောကျ ကျေနပ်နေခဲ့ပါတယ်။ မောင်ကျောင်းသားကလည်း ပွဲမစခင်ကနေ ဆိုင်းဘုတ်ကိုင်ချီတက်နေတဲ့အထိ သူ့အတွက် မှတ်တမ်းအနေနဲ့ ပြန်သုံးလို့ရအောင် ဓာတ်ပုံကူရိုက်ပေးနေတာမလို့ ငါတော့ ကိုယ်ပိုင် Communication သမား တစ်ယောက်ရလိုက်သလိုပဲလို့လည်း ထုတ်ဖော်အသိအမှတ်ပြုရှာပါတယ်။ ဒီအတွေ့အကြုံကို ဘယ်လိုထင်လဲလို့ စာပြန်မေးသေးတာပါ။ ကားပေါ်ကဆင်းခါနီးမှာတော့ အင်မတန်ကြင်နာတဲ့စကားကို ဝင်ဒါက မောင်ကျောင်းသားရဲ့မာတာမိခင်အတွက်ပါ ပါးလိုက်ပါတယ်။ 


ငါတို့ဓာတ်ပုံတွေ နင့်အမေဆီ ပို့ပြီး ပြောလိုက်ပါ။ နင်ဒီမှာ တစ်ခုခုဖြစ်ရင် ကြက်စွပ်ပြုတ်လာပို့ပြီး ကြည့်မယ့်သူ ရှိပြီ၊ ငါအရင်ကလည်း ငါ့ကျောင်းသားတွေအတွက် လုပ်ပေးဖူးတယ်၊​ နင် အစားထိုးအမေတစ်ယောက်လို ရနေပြီလို့ ပြောလိုက်ပါတဲ့။​ နင့်အမေ စိတ်ချမ်းသာအောင်တဲ့။ ငါ့သမီးအငယ်ကို တက္ကသိုလ်ပထမဆုံးလိုက်ပို့တုန်းက အပြန်လမ်းမှာ ကားတောင် မမောင်းနိုင်လောက်အောင် ငါငိုဖူးလို့ အမေတွေ သားသမီးနဲ့ခွဲရတာ ဘယ်လိုခံစားရလည်း ငါကောင်းကောင်းသိတယ်တဲ့။

 

မာတာမိခင်ကို မပြောပြနိုင်ခင် အိမ်ကိုလွမ်းနေဆဲ၊​ အစားအသောက်တွေ တမ်းတနေဆဲမို့ မောင်ကျောင်းသားတောင် သူ့အကြင်နာစကား ဟက်ထိပြီး မျက်ရည်တောင်ဝဲလို့ မငိုမိအောင် မနဲထိန်းလိုက်ရပါတယ်။ ဒါကြောင့်လည်း အမတ်လောင်း ဝင်ပြိုင်နိုင်နေတာပေါ့လေ။ 


ဒီမျှသာ

မောင်ဆိုင်မွန် 

၂၀၂၄ခုနှစ်၊ သြဂုတ်လ ၂၁ ရက် 

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ) 





Friday, August 2, 2024

မောင်ကျောင်းသား ၃ - ကြင်နာတတ်တဲ့သူစိမ်းတွေ

ဒီစီကနေ လေယာဉ် ၁နာရီခွဲစီး၊ လာကြိုတဲ့ကားလေးနဲ့ နောက်ထပ် ကုန်းလမ်းခရီး ၂နာရီနီးပါးစီးပြီး ခရီးဆုံးဖြစ်တဲ့ ကျောင်းရှိရာတောမြို့လေးရောက်တော့ လူက အတော်နွမ်းနေပြီ။ နေ့လည်စာလည်း ဟုတ်တိပတ်တိမစားလိုက်ရပဲ လွတ်ထားတယ်လေ။ ဒါနဲ့ ခဏနားပြီး အနီးအနားက စားသောက်ဆိုင်မှာ ညစာသွားစားတော့ စားပွဲထိုးက ဒီအဖိုးကြီးအဖွားကြီးစုံတွဲဘေးကပ်လျက်စားပွဲမှာ နေရာချပေးပါတယ်။ စားနေရင်းကုန်ခါနီး အချိုပွဲဘာမှာအုံးမလဲ လာမေးလေတော့ ဘာမှာရမယ်မှန်းလည်းမသိတာနဲ့ (တကယ်က အချိုပွဲစားဖို့ ရည်ရွယ်ချက်လည်းမရှိလို့ Menu လာပေးကတည်းကလည်း မကြည့်ထားမိ။ မောင်ကျောင်းသားလေ။ ဘေးကစုံတွဲလို အဆာပြေ-အဓိကဟင်းပွဲကြီး-အချိုပွဲ အဆင့်ဆင့်စားဖို့ တတ်လည်းမတတ်နိုင်၊ မြန်မြန်ဗိုက်ဝတာစားပြီး လစ်မလို့ ကြံထားတာမို့) နင်အကြံပေးကြည့်၊ ဒီမှာအချိုပွဲဘာကောင်းလဲလို့ ကိုယ့်အမှုကို စားပွဲထိုးပြန်ပတ်လိုက်ပေမယ့် သူကလည်း တစ်မယ်ချင်းရှင်းပြပြီး ဘေးကစုံတွဲစားတဲ့ ပန်းသီးယိုအကြွပ်ကြော်နဲ့ရေခဲမုန့် ကတော့ လူကြိုက်အများဆုံးပဲဆိုပြီး ညွှန်းလေတော့ သဘောမနောဖြူသူ ဘေးကစုံတွဲကလည်း အရောက်ဝင်ပို့ရှာတယ်။ 

"ဟုတ်တယ်။ အရမ်းကောင်းတယ်။ နင်စားကြည့်လိုက်။ ကောင်းချက်က လူသတ်သမားလိုပဲတဲ့။" (သဘောကတော့ အရသာက ကောင်းလွန်းလို့ လူတောင်သေနိုင်တယ်ပေါ့)။ သူ့ဟာသ သဘောကျပြီး ဒါဆို ငါလည်း မြည်းကြည့်မှလို့ ဆိုပြီး တစ်ပွဲမှာချလိုက်တယ်ဆိုပါတော့ (ဒီလောက်ညွှန်းနေကြတော့ ရေလိုက်ငါးလိုက်လုပ်ရတဲ့သဘော၊ စိတ်ထဲကတော့ ခုတော့ မှာလိုက်မယ်၊ နက်ဖြန်တော့ Seven-Eleven က စျေးသက်သာတာစားပြီး စရိတ်ကာလိုက်ရင် ရတာပဲပေါ့)။
 


ဒါနဲ့ သူတို့နဲ့အပြန်အလှန်မိတ်ဆက်၊ အာလာပသလ္လာပပြောရင်း ကျောင်းလာတက်တဲ့ကျောင်းသား၊ ရောက်တာ ၁နာရီလောက်ပဲရှိမှန်းသိသွားလေတော့ မဆီမဆိုင် သူတို့မှာ အားတွေနာ၊ တောင်းပန်ရှာ။ ခုမှရောက်တဲ့သူမှန်းမသိပဲ ဒီမှာပဲအနေကြာနေတဲ့သူထင်လို့ စောစောကတည်းက စကားမပြောမိတာ ဆောရီးပါ၊ ငါတို့က မကြိုဆိုသလိုဖြစ်သွားတယ်တဲ့။ (တကယ်က သူတို့ချင်း ညစာစားရင်း ထွေလာ​လေးပါးပြော ရှိနေတဲ့အခိုက်အတန့်လေးပျော်နေပုံရလို့ ပြောသမျှလိုက်နားထောင်မိသလိုဖြစ်မှာစိုးတာနဲ့ နားကြပ်တပ်နေ နေတာ)။ အဘွားကြီးနဲ့စကားပြောနေတုန်း အဖိုးကြီးက လှစ်ခနဲပျောက်သွား။ ပြီးမှ ပြန်လာပြီး နင့်ညစာဖိုး ငါတို့ရှင်းလိုက်တယ်။ ကြိုဆိုတဲ့အထိမ်းအမှတ်ပေါ့တဲ့။ စာလည်းသင်၊ ပျော်စရာတွေလည်း လုပ်ပါ။ ငါတို့မြို့မှာ ပျော်ပါစေတဲ့။ နှုတ်ဆက်ပြီး အရင်ပြန်သွားတယ်။



ပန်းသီယိုအကြွပ်နဲ့ရေခဲမုန့်ကို တစ်ဇွန်းချင်းအရသာခံစားရင်း သူစိမ်းတွေရဲ့အကြင်နာတရားကို အံ့လည်းအံ့ဩ၊ ပီတိသောမနဿဖြစ်မဆုံးပေါ့။ Culture Shock လို့ဆိုရင် အများစုက အလေ့အကျင့်ကွဲလွဲတဲ့ယဉ်ကျေးမှုကို နဖူးတွေ့ဒူးတွေ့ကြုံရတာမျိုးမို့ ကောင်းတာတွေလည်းရှိသလို၊ မကောင်းတာတွေလည်း အများကြီးပါ။ ဒီလိုပံ့သကူမေတ္တာကို သူစိမ်းတွေဆီကနေ မထင်မှတ်တဲ့အချိန်ရလိုက်တဲ့ Culture Shock ကတော့ မောင်ကျောင်းသားအတွက် ဘယ်တော့မှ မမေ့နိုင်တော့မှာမဟုတ်။ ဆုံးသွားတဲ့ အဖိုးအဖွားလည်း အထူးတလည် သတိရသွားတဲ့ညနေခင်း။ (သူတို့ရှိစဉ်က မိသားစု၃ဦးပဲရှိတဲ့အိမ်မှာ နေ့တိုင်း ထမင်းဟင်းအပိုထည့် ချက်တာမျိုး။ ရည်ရွယ်ချက်ကတော့ ဆွမ်းဟင်းလောင်းရင်း၊ အိမ်ကိုလာတဲ့ ဧည့်သည်တွေလည်း စားလို့ရအောင်တဲ့။ ကျနော့်အဖိုးအဖွားက အနှိပ်သည်တောင် ထမင်းကျွေးပြီးမှ ပြန်လွှတ်တာ)။ 


ညစာကျွေး၊ ကြိုဆိုနှုတ်ဆက်သွားတဲ့ ပင်စင်စားစုံတွဲနာမည်ကတော့  ဘီးလ်(ဝီလီယံ)နဲ့စန္ဒီပါ။ Perfect strangers လို့တင်စားချင်ပါတယ်။ မောင်ကျောင်းသားရဲ့ပညာသင်ခရီးကို အမှတ်တရနဲ့အစပြုခွင့်ပေးလို့ ကျေးဇူးပါ ဘီးလ်နဲ့စန္ဒီ။ 



ဒီမျှသာ။ 


မောင်ဆိုင်မွန်

၂၀၂၄ ခုနှစ်ဩဂုတ်လ ၂ရက်

အေသင်၊ အိုဟိုင်းယိုးပြည်နယ် (ခေတ္တ)

Cooking with memories

Every time I cook, I’m abounding with sweet memories of my grandma. Every summer, all of us— six cousins used to gather at our grandparents&...