တကယ်က “ရောင့်ရဲနိုင်တဲ့ဘဝ” လို့သာ ခြုံငုံမိအောင် လိုတိုရှင်း ခေါင်းစဉ်တပ်လိုက်ပေမယ့် ပြောလိုရင်းက ခုတလော လုပ်ရင်းကိုင်ရင်း ဟိုတစ်စဒီတစ်စ တွေးဖြစ်နေတာလေးတွေရယ်၊ ပြီးခဲ့တဲ့တစ်ပတ်က အမေနဲ့တူတူရှိတုန်း ပြောဖြစ်တာတွေထဲ တစ်ချို့ကို ချရေးထားတဲ့သဘောပါပဲ။
ရောင့်ရဲနိုင်တာကို စေ့စေ့ငုငုမတွေးမိခင် တကယ်က ဒီကာလတွေမှာ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာ အရင်တွေးမိနေတာပါ။ ဘယ်က စသလဲဆိုရင် ပညာသင်ဆုအတွက် နောက်ဆုံးလူတွေ့မေးတဲ့ကဏ္ဍမှာမေးတဲ့ မေးခွန်း ၆ခုလောက်မှာ တစ်ခုက “ပျော်ရွှင်မှုဆိုတာကို နင် ဘယ်လို နားလည်သလဲ။ နင့်အတွက် ဘယ်လိုအရာတွေက ပျော်ရွှင်စေသလဲ။” ဆိုပြီး မေးခံရပါတယ်။ အမှန်အတိုင်းပြောရရင် တက်ချင်တဲ့ဘာသာနဲ့အလုပ်အတွေ့အကြုံတွေအကြောင်း အချက်အလက်၊ ဥပမာတွေနဲ့ အချိန်တိုတိုတွင်းမှာ ကျေကျေလည်လည်ဖြေနိုင်ဖို့ ပြင်ဆင်ထားပေမယ့် ဒီလို personality မေးခွန်မျိုးကို မပြင်ဆင်ထားခဲ့မိပါဘူး။ ကျနော်အတွက် “ပျော်ရွှင်မှုက အသက်အရွယ်အလိုက်တော့ပြောင်းလဲနေတယ်။ ၂၀-၂၅ လောက်တုန်းကတော့ အလုပ်ကောင်းကောင်းရချင်တယ်၊ ထိုက်သင့်တဲ့ဝင်ငွေရှိချင်တယ်။ နိစ္စဒူဝ အခြေခံလိုအပ်ချက်တွေကို ပြည့်ဝချင်တယ်။ အဲ့အရွယ်တုန်းက ကျနော့်ပျော်ရွှင်မှုက လက်တွေ့ဘဝအတွက် ပိုများတယ်။ ဒါပေမယ့် အသက်လေး ၃၀ ကျော်လာတော့ ဘဝက တကယ်ရှုပ်ထွေးတာပဲလို့ တွေးမိလာတယ်။ ဥပမာပြောရရင် ငါ ငယ်ငယ်က သိပ်ကြိုက်တဲ့ဟင်းတွေ ခုကျ ကြိုက်ချင်မှ ကြိုက်တော့တယ်။ အရင်က မကြိုက်တာတွေလည်း ခုဆို ကြိုက်လာတယ်။ အဲ့တော့ တွေးမိလာတာက ဘဝက တကယ်တော့ ပြောင်းလဲနေတာကြီး။ အဲ့ပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးကို တတ်နိုင်သမျှ သိချင်တယ်။ ကျနော်တန်ဖိုးထားတာတွေက ဘာလဲ။ ဘာတွေကိုတော့ ဘဝမှာ ဘယ်သူနဲ့မှ ဘာနဲ့မှ အလဲအထပ်မလုပ်ဖူးလို့ ဆုံးဖြတ်ထားလဲ။ အဲ့ဒါတွေကို နေ့စဉ် သိခွင့်ရဖို့ ကြိုးစားခွင့်ရှိနေတာ ငါ့အတွက် လောလောဆယ် ပျော်ရွှင်မှုထင်တယ်။” လို့ လက်တလော ခေါင်းထဲပေါ်သမျှ ဖြေခဲ့ပါတယ်။
အင်တာဗျူးက ပြီးသွားပေမယ့် မပြီးတာက ကျနော်ပါ။ အဲ့မေးခွန်းအကြောင်း ခေါင်းထဲ အချိန်တိုင်းနီးပါး ရှိနေပြီး တွေးဖြစ်နေပါတယ်။ ခု ကျနော် ပျော်ရဲ့လား။ တခါတလေ ပျော်လိုက်တာဆိုတာနဲ့ ကျေနပ်သဘောကျတာကလည်း နံရံတစ်ချပ်လို ပါးပါးလေး မဟုတ်လား။ ဘဝမှာ သူများကိုမေးရတဲ့မေးခွန်းထက် ကိုယ့်ကိုကိုယ်မေးရတဲ့မေးခွန်းတွေက အခက်ဆုံးဆိုတာ ပိုလည်း သိလာတဲ့ ကာလတွေဆိုလည်း ဟုတ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေလာတော့ စကားတွေအများကြီးပြောဖြစ်ရင်း ကျနော်လောလောဆယ် ဖတ်ဖြစ်တဲ့စာအုပ်အကြောင်းရောက်သွားပါတယ်။ အိုပရာဝင်းဖရီးနဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်မှာ “ပျော်ရွှင်မှု” ဘာသာရပ်ကိုသင်တဲ့ ပါမောက္ခ အာသာဘရွတ်စ် တူတူရေးတဲ့ “Build the Life You Want: The Art and Science of Getting Happier” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်က ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဘယ်လိုရနိုင်မလဲဆိုတာ ဟားဗတ်ကဆရာက သူ သုသေတနလုပ်ထားတာတွေကို အခြေခံပြီးရယ်၊ အိုပရာက သူရဲ့ နှစ်ပေါင်း ၂၅နှစ်ကြာ လူမျိုးစုံကို အင်တာဗျူးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေရတဲ့ သူ့ရဲ့အတွေးအမြင်တွေကို စုစည်းရေးထားတာပါ။ ကျနော် အကုန်ဖတ်မပြီးသေးပေမယ့် ဖတ်ပြီးသလောက်မှာ နားလည်သလောက် မျှရရင် စာရေးသူနှစ်ယောက်ရဲ့အဆိုအရ “ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ ပန်းတိုင် (Goal) မဖြစ်သင့်ဘူး၊ ဦးတည်ချက် (Direction) ပဲ ဖြစ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုရင် လူသားတွေရဲ့ ဘဝဆိုတာ ပျော်ရွှင်စရာတွေချည်းပဲ ရှိမှာမဟုတ်ပဲ အခက်အခဲတွေက မလွှဲမသွေ ရှိမှာပဲ။ ဒါတွေကို ဘယ်လို ရုန်းကန်မယ်၊ ကျော်လွှားမယ်၊ ကြံ့ကြံ့ခံ ဖြတ်သန်းမယ်ဆိုတဲ့ ဦးတည်ချက်ရှိတဲ့ စေ့ဆော်မှုကသာ ဘဝကို ပျော်ရွှင်စေနိုင်ပါသတဲ့။” နောက် ပျော်ရွှင်မှုဆိုတာ သူတို့အဆိုအရ “ဖန်တီးယူလို့ ရပါတယ်တဲ့။ စိတ်ပျက်စရာ၊ ပျော်စရာ ဘယ်လိုကိစ္စမဆို အဲ့လိုအဖြစ်အပျက်တွေနဲ့ ကာယကံရှင်လူသားတွေကြားမှာ လေဟာနယ် (Space) လေး ရှိပါတယ်တဲ့။ အဲ့ ကြားကွက်လပ်လေးက အင်မတန်ကိုလွတ်လပ်တယ်၊ သူတို့ကတော့ free space လို့ ရေးပါတယ်။ အဲ့ Space လေးကိုသာ ကျနော်တို့လူသားတွေက ကောင်းကောင်းသတိပြု၊ အသုံးချတတ်ရင် ပျော်စရာဖြစ်ဖြစ်၊ ဒေါသဖြစ်စရာဖြစ်ဖြစ် ဘယ်အရာမဆို ကိုယ်တိုင်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်တဲ့။ အဲ့လို ခံစားချက်တွေက ကိုယ့်ကို စိုးမိုးနေတာမဟုတ်ပဲ ခံစားချက်တွေကို ကိုယ်က ပဲ့ကိုင်နိုင်တဲ့အခြေအနေက ကျနော်တို့လူသားတွေက လုပ်ယူလို့ရတယ်။ အဲ့အလေ့အကျင့်ကို မွေးမြူနိုင်ရင် ဘဝမှာ ပိုပြီး နေပျော်တဲ့သူဖြစ်ဖို့ အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျနော့်အနေနဲ့တော့ mindfulness ကို ပို အလေ့အကျင့်လုပ်ခိုင်းတယ်လို့နားလည်ပါတယ်။ ကိုယ့်စိတ်ကို တတ်နိုင်သမျှ အချိန်တိုင်းမှာ သိအောင်ကြိုးစားပါလို့ တိုက်တွန်းချင်တဲ့သဘောပေါ့။ ဒီစာအုပ်မိတ်ဆက်ပွဲအနေနဲ့ စာရေးသူ၂ယောက်က အင်တာဗျူးတွေလည်းပေးကြပါတယ်။ အင်တာဗျူးတခုမှာ အိုပရာ ကို မေးတဲ့သူက “ရှင်က ပိုပြီးပျော်ရွှင်နေသာတဲ့ဘဝ ဘယ်လို တည်ဆောက်ယူနိုင်လဲဆိုတာ စာအုပ်ရေးတော့ ရှင်ကိုယ်တိုင်ရော ခု ပျော်ရွှင်တဲ့ဘဝ ရှိသလားတဲ့။
အိုပရာ (Oprah) ဖြေတဲ့အဖြေက ကျနော့်ကို တော်တော်လေး ဥာဏ်ပွင့်လင်းစေတာပါပဲ။ သူဖြေတာက
“ကျမ ခုဆို အချိန်တော်တော်များများ ပျော်ရွှင်ပါတယ်။ တကယ်က ကျမ ပျော်ရွှင်တဲ့ဘဝလို့ပြောတာထက် ရောင့်ရဲကျေနပ်နိုင်တဲ့ (content) ဘဝ ရှိတယ်လို့ ပြောလို့ရပါတယ်။ နောက် ကျမကိုယ်ကျမ ဒီလိုအခြေအနေကိုလည်း သိပ်ကျေနပ်တယ်။ ဘာလို့လဲဆို ပိုက်ဆံချမ်းသာတဲ့လူတိုင်းလည်း ရောင့်ရဲနိုင်တဲ့စိတ်ရှိကြတာ မဟုတ်ဘူးတဲ့။”
အိုပရာက သူ့အင်တာဗျူးအစီအစဉ် ၂၅နှစ်ဆက်တိုက် လူကြည့်အများဆုံးအစီအစဉ်အနေနဲ့ အအောင်မြင်ဆုံးအချိန်မှာ ရပ်လိုက်တာပါ။ ဘာလို့လဲဆို သူ တော်သင့်ပြီ ထင်လို့တဲ့။ အောင်မြင်တဲ့နောက်မှာ ဝင်ငွေတွေပါတိုးလိုက်လာတဲ့အချိန် လောဘကို ရပ်နိုင်ဖို့ဆိုတာ တော်ရုံရောင့်ရဲနိုင်တဲ့စိတ်တော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်လေ။
စာအုပ်မပြီးသေးပေမယ့် အဲ့ဒီနားလေးမှာ သဘောပေါက် ဘဝင်ကျပြီး ခုထိ ရှေ့မဆက်နိုင်သေးပါဘူး။ ပျော်ရွှင်တဲ့ဘဝထက် ရောင့်ရဲကျေနပ်နိုင်တဲ့ဘဝရဖို့ပဲ ကြိုးစားချင်တော့တယ်လို့ အမေနဲ့ပြောဖြစ်ပါတယ်။
တကယ်က အဲ့ဒါနဲ့ဆက်စပ်ပြီး အမေနဲ့ ဆက်ပြောဖြစ်တာတွေလည်း အများကြီးပါပဲ။ A life with full of contentment ရဖို့ဆိုတာ သိပ်မလွယ်တဲ့အကြောင်းပါ။ ကျနော်တွေးမိသလောက်တော့ ချမ်းသာစရာမလိုပေမယ့် နေ့စဉ်ဘဝအတွက် မပူပင်ရတဲ့ငွေကြေးပမာဏတစ်ခု ရှိဖို့လိုပါတယ်။ ကျန်းမာရေးကောင်းဖို့လည်း လိုမယ်။ ဘဝမှာ ကိုယ့်ဘာသာလုပ်ခဲ့တဲ့အမှားတွေအတွက်ရော၊ သူတပါးက ကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အမှားတွေကိုရော ကိုယ့်ဘာသာလက်ခံခွင့်လွှတ်နိုင်ဖို့လည်း လိုမယ်ထင်ပါတယ်။ နောက် ကျေးဇူးတင်အသိအမှတ်ပြုတတ်တဲ့စိတ် ထားတတ်ဖို့လည်း လိုမယ် - နေ့စဉ် အသက်ရှင်ခွင့်ရနေတာကစလို့ ကိုယ်နဲ့သူတပါး ၂ဖက်လုံးမှာ ကိုယ်အားနှုတ်အားနဲ့ ကူညီထောက်ကူကြတာတွေအဆုံးပေါ့။