ပြီးခဲ့တဲ့အပတ်က ချီကာဂိုမှာ ပြတိုက် ၂ခု အလည်သွားခဲ့တာမှာ စိတ်ထဲမှတ်မှတ်ရရရှိပြီး ဆက်စပ်ခံစားလို့ရခဲ့တဲ့ ပြခန်းတစ်ခုအကြောင်း အမှတ်တရ တို့ထားချင်ပါတယ်။ ခေတ်ပြိုင်အနုပညာပြတိုက်မှာ ပြထားတဲ့ Indulge Me လို့ အမည်ရတဲ့ ပြခန်းပါ။ “ငါ့ကိုကြိုက်သလိုလုပ်ပါ” လို့ ပြကွက်သဘောအရ အနီးစပ်ဆုံး ဘာသာပြန်လို့ရမလား မှန်းကြည့်မိပါတယ်။ အနုပညာရှင်က Wafaa Bilal (ဝါဖဲ ဘီလား) ပါ။
အီရတ်မှာမွေး၊ ကြီးပြင်းပြီး အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူက အပြန်အလှန်ဖလှယ်လို့ရတဲ့ အင်တာနက်လို နည်းပညာအကူအညီနဲ့ သူရဲ့ အနုပညာပြကွက်တွေကို ဖန်တီးတဲ့သူပါ။ သူရဲ့ဖန်တီးမှုတွေက ကမ္ဘာ့နိုင်ငံရေး အထူးသဖြင့် ပဋိပက္ခတွေနဲ့မတည်ငြိမ်တဲ့ သူ့ဇာတိနိုင်ငံ အီရတ်နဲ့ ‘မကြောင့်မကြနေရာ (Comfort Zone)’ လို့သူ့အခေါ် သူ့လက်ရှိနေထိုင်ရာအမေရိကန်ပြည်ထောင်စုကြားက တင်းမာမှုတွေကို ဆဒမ်ဟူစိန် အာဏာရှင်အစိုးရသက်တမ်းနဲ့ အီရတ်ရဲ့ရှည်လျားတဲ့သမိုင်းကြောင်းကိုအခြေပြုပြီး ခံစားဖန်တီးတာမျိုးပေါ့။
ပြခန်းမှာ ပထမ ၂ကွက်လောက်ကို နားလည်သလိုလို၊ မလိုလိုရှိပေမယ့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေက ကွန်ပျူတာနဲ့ပြကွက်ကိုတွေ့တော့ အပြေးအလွှား ကြည့်မိပါတယ်။ ဂိမ်းဆော့လို့ရအောင်လုပ်ပေးထားတဲ့ ကွန်ပျူတာတွေပါ။ ဒီ အင်တာနက်ဂိမ်းက ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ရက်တိုက်ခိုက်မှုကို အီရတ်စစ်ပွဲနဲ့တုန့်ပြန်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျော့ချ်ဘုရှ်ရဲ့ခေါင်းကို သေနတ်နဲ့တည့်တည့်ချိန်ပစ်လို့ရတဲ့ ဂိမ်းပါ။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး ၂၀၀၃ ခုနှစ်မှာ အမေရိကားမှာအခြေချနေထိုင်တဲ့ အစ္စလမ်မုန်းတီးတဲ့ ဒါရိုက်တာ Jesse Petrilla က ‘ဆဒမ်ကိုရှာဖွေခြင်း’ လို့အမည်ရတဲ့ ဆဒမ်ဟူစိန်ကိုဂိမ်းကစားပြီး လက်စားချေလို့ရတဲ့ ဂိမ်းကစားနည်းကို နောက် ၃နှစ်အကြားမှာ အယ်လ်ကိုင်းဒါးအဖွဲ့က လက်တုန့်ပြန်ပြီး တီထွင်ခဲ့တာပါ။
၂၀၀၈ ခုနှစ်မှာတော့ ဘီလားက ဒီ အပြန်အလှန်လက်စားချေတဲ့ အွန်လိုင်းဂိမ်း၂ခုကို အခြေခံပြီးတော့ပဲ ဟူစိန်ကိုရော၊ ဘုရှ်ကိုရော လက်စားချေလို့ရတဲ့အပြင် နောက်ထပ်ဇာတ်ကောင်အသစ် အသေခံဗုံးခွဲသမားကိုလည်း ထပ် တီထွင်ထည့်ခဲ့ပါတယ်။ သူတီထွင်တဲ့ဂိမ်းမှာတော့ ပြတ်ပြတ်သားသားအနိုင်ရတဲ့ဖက်က ဘယ်သူလို့ မရှိပါဘူးတဲ့။ ဒီလို သူဖန်တီးရတဲ့အကြောင်းကတေ့ သူ့အကိုကိုယ်တိုင်က အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ လူစုဆောင်းခံရပြီး ပဋိပက္ခအတွင်းမှာ အမေရိကန်ရဲ့ဒရုန်းနည်းပညာနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာမို့ အီရတ်-အမေရိကန်စစ်ပွဲမှာ စစ်ရဲ့ဆိုးကျိုးကိုအများဆုံးခံရတာ ဟူစိန်ရော ဘုရှ်ရောမဟုတ်ပဲ သာမန်အီရတ်ပြည်သူတွေဆိုတာကို ပုံဖော်ဖန်တီးတယ်လို့ ဆိုပါတယ်။
အီရတ်ရဲ့ အင်တာနက်ကဖေးတွေကအတိုင်းပုံတူဖန်တီးထားတဲ့ ဒီပြခန်းထဲမှာ အာရဘစ်ဘာသာနဲ့ရေးထားတဲ့ ပက်စီအချိုရည်ပုလင်းတွေထည့်ထားတဲ့ ရေခဲသေတ္တာအထိ အသေးစိတ်ပါ ပါတယ်။ ဒီပြကွက်က အလယ်တန်းကျောင်းသားဘဝမှာ အရူးအမူးဖြစ်ဖူးတဲ့ ကျောင်းက ကွန်ပျူတာတွေနဲ့တစ်ပုံစံထဲဖြစ်နေတာရော၊ နောက်ခံအကြောင်းအရာမတူလှပေမယ့် ပဋိပက္ခတွေရှိတဲ့နေရာမှာ အရပ်သားတွေသာအထိခိုက်ဆုံးဖြစ်ရတယ်ဆိုတဲ့သူ့ခံစားဖန်တီးမှုကို ကိုယ့်နိုင်ငံရဲ့လောလောလတ်လတ်ဖြတ်သန်းနေရမှုအရ စာနာသဘောတူပြီး သဘောကျ ခံစားမိပါတယ်။
နောက်ပြကွက်တစ်ကွက်ကတော့ ၂၀၀၄ ခုနှစ်မှာ ဘီလားရဲ့အကိုသေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်းမှာ အလာတူးဒရုန်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့လေယာဉ်မှူးရဲ့အင်တာဗျူးတစ်ခုကို သူနားထောင်ပြီးတဲ့နောက်မှာ လေယာဉ်မှူးနဲ့သူတို့ရဲ့ ပစ်မှတ်တွေက တကယ်တော့ သူတို့တကယ်အလိုရှိတဲ့ပြဿနာဖန်တီးသူတွေမဟုတ်ပဲ ဘာမှမဆိုင်တဲ့သာမန်အပြစ်ကင်းတဲ့လူသားတွေဖြစ်နေတတ်တယ်ဆိုတာကို ပုံဖော်တဲ့ ‘ပြည်တွင်းတင်းမာမှု’ လို့ အမည်ရတဲ့ ပြကွက်ပါ။ ချီကာဂိုမှာရှိတဲ့ အနုပညာပြခန်းအခန်းကို သူ့အိမ်ခန်းအဖြစ်ပြောင်းလဲဖန်တီးပြီး သူ့လှုပ်ရှားမှုကို ၂၄ နာရီ အင်တာနက််ကင်မရာနဲ့ချ်တ်ဆက်ထားတဲ့ Live ကနေ ပရိတ်သတ်တွေက ခြေရာခဲံစောင့်ကြည့်ပြီး သူ့ကို ရောင်စုံဘောသေနတ်နဲ့ အဝေးထိန်း ပစ်ခတ်နိုင်အောင် ဖန်တီးထားတာပါ။ တစ်လကြာတင်ဆက်တဲ့ ဒီဖန်တီးမှုကို နိုင်ငံပေါင်း ၁၃၈ နိုင်ငံက ဝင်ရောက်ကြည့်ရှုသူ သန်း ၈၀ ရှိခဲ့ပြီး ရောင်စုံဘောသေနတ်နဲ့ပစ်ခတ်တာ အကြိမ်ပေါင်း ၆၅၀၀၀ကျော် ရှိခဲ့ပါတယ်။ ဘီလားက ဒီတင်ဆက်မှုကို အီရတ်အညတရပြည်သူတွေသာ အများဆုံး ဘေးသင့်ရတဲ့ အစိုးရတွေကဦးဆောင်ပြီးလုပ်တဲ့ ပဋိပက္ခတွေထဲမှာ လူတွေဘယ်လိုနည်းလမ်းတွေနဲ့ပတ်သက်ဆက်နွယ်နေနိုင်ကြောင်း ရောင်စုံဘောသေနတ်နဲ့ပစ်ပြီး ရင်ဆိုင်စေပြီး စာနာနိုင်အောင် ဖန်တီးတယ်လို့ ဆိုပါတယ်။
ဒီပြခန်းကို နောက်ဆုံးကြည့်ပြီးထွက်လာတော့ ချီကာဂိုနွေရာသီက ဆိုင်းမဆင့်ဗုံမဆင့် မိုးတွေရွာချလေရော။ ဒါနဲ့နောက်တစ်နေရာကူးဖို့စောင့်ရင်း စစ်ပွဲရယ်၊ စစ်ပြီးရင်တောင် မျိုးဆက်ချီကုစားရမယ့် စိတ်ဒဏ်ရာတွေရယ်၊ အမုန်းတရားတွေရယ်အကြောင်း အတွေးတွေရှည်မိသလို ဝါဖဲဘီလားရော သူ့ရဲ့အီရတ်လူမျိုးပဂတိအိုင်ဒမ်ဒတီရယ်၊ အမေရိကန်နိုင်ငံသားအဖြစ်ရယ်ကြားထဲ သူ့ကိုယ်တွင်းပဋိပက္ခရော စီးချင်းထိုးမလား၊ ဒီကာလတစ်လျှောက် သူ့ကိုယ်သူ ဘယ်လိုခံယူချက်၊ ရပ်တည်မှုနဲ့ ရှင်သန်နေသလဲ စာနာမိပါတယ်။