ငယ်ငယ်ကလည်း ဒီလိုပဲလေ။ ပြောရရင် ကျနော်တို့အရွယ်က အာဏာရှင်ထုတ်ကုန်စစ်စစ်လို့ ပြောလို့ရပါတယ်။ ဆိုရှယ်လစ်ခေတ်ကိုလုံးလုံးမမှီ၊ အာဏာရှင်စစ်စစ်လက်ထပ်မှာ မွေးဖွားပြီး အာဏာရှင်ပညာရေးကိုသင်ယူ၊ အာဏာရှင်ပေးသိသလောက်ပဲ သိခဲ့၊ ထိတွေ့ခွင့်ရတဲ့မျိုးဆက်ပေါ့လေ။ ၂၀၁၀မတိုင်ခင်ထိ လွတ်လပ်မှုရဲ့အရသာကို ဘယ်တုန်းကမှမခံစားရဖူးသလို၊ ဖိနှိပ်ခံနေရတာတောင် ဖိနှိပ်ခံနေရပါတယ်လို့ မသိခဲ့တဲ့အချိန်ကာလတွေအများကြီးပဲ။
အဲ့ကာလတွေမှာ ကျနော်မှတ်မိသလောက် ကျနော်တို့မိသားစုမနက်စာမှာ ကိုယ်ကြိုက်တဲ့မနက်စာ ကိုယ့်ဘာသာ ရွေးချယ်စားခွင့်ရတဲ့မနက်တွေဆိုတာ သိပ်ရှားပါတယ်။ တို့ဖူးနဲ့ခေါက်ဆွဲ ရောသုပ်တဲ့ အသုပ် ၂ပွဲဝယ်ပြီး ထမင်းကြမ်းနဲ့ မိသားစုအားလုံး စားချင်စား၊ ဒါမှမဟုတ် ရန်ကုန်မှာ မန်းလေးပဲကြော်လို့ခေါ်ပြီး ကျနော်တို့ဒေသဖက်ကတော့ ပဲလွန်းကြော်လို့ခေါ်တဲ့အကြော် ၄ခုဝယ်ပြီး ပဲပြုတ်နဲ့ထမင်းကြမ်းနဲ့ စားချင်စား အဲ့လို မျှတစားရပါတယ်။ အများနည်းတူမိသားစုတွေလိုပဲ အသားဟင်းဆိုလည်း ကိုယ် ကိုယ်တာနဲ့ပဲ ကိုယ်စားရတာပဲ။ ကျနော်တို့အိမ်က ပုဇွန်ဟင်းကြိုက်ကြပေမယ့် ပုဇွန်ချက်တဲ့နေ့ဆို ဟင်းမကုန်ပါဘူး။ တခြားသူစားပါစေဆိုပြီး ဦးစားပေးစားကြလို့ ပုဇွန်ဟင်းဆို အကောင်ရေကွက်တိချက်တောင် အမြဲပိုတာပါပဲ။ မိသားစုက ဘာပဲဖြစ်ဖြစ် ပေါပေါများများလည်းမသုံးနိုင်သလို ပိုပိုလျှံလျှံမရှိဘူးလို့သိပေမယ့် ဒီလိုစားရသောက်ရတာကို အားလုံးပုံမှန်ပဲလိုပဲ ငယ်ငယ်က ထင်ခဲ့တာပါ။ ချွေတာရေးတို့၊ အထွေထွေအကျပ်အတည်းတို့ဆိုတဲ့စကားလုံးတွေတောင် အာဏာရှင်က မသိစေချင်လို့ ကျနော်တို့ သိခွင့်မရှိခဲ့ရဘူး။
တခြားကိစ္စတွေဆိုလည်း ဒီလိုပဲ။ ရွေးချယ်စရာတွေများများစားစား မရှိပါဘူး။ ကျနော်တို့အထက်တန်းလောက်ရောက်တဲ့အခါမှာ တတ်နိုင်တဲ့မိသားစုတွေက သားသမီးတွေကို ရန်ကုန်ကျောင်းတွေပြောင်းထားကြပါတယ်။ မြို့ကြီးလို့ကျောင်းကြီးကြီးမှာ ပိုကျယ်ပြန့်တဲ့ထိတွေ့မှုတွေရပေမယ့် အာဏာရှင်ပညာရေးပါပဲ။ ဆိုလိုရင်းက အဲ့တာမျိုးက နယ်ကမိသားစုတွေအနေနဲ့ မိုင်ကုန်လုပ်လို့ရတဲ့ ရွေးချယ်မှုပါ။ အခွင့်အလမ်းတွေအများကြီးမရှိဘူး။ မြို့မှာလည်း လူငယ်လူရွယ်တွေ သိပ်အများကြီးမရှိဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ဆို ကိုယ့်အထွာနဲ့ကိုယ် ရန်ကုန်တက် အလုပ်လုပ် ဒါမှမဟုတ် ထိုင်း၊ မလေးရှား၊ စင်ကာပူ အလုပ်သွားလုပ်ကြရလို့ပါ။ ကျန်ခဲ့ကြသူအများစုကလည်း ၂လုံးထီ၊ ၃လုံးထီ၊ ဘောလုံးပွဲဇာတ်မှာ မနက်တခါညတခါ၊ ၁၅ရက်တခါ မျှောကြပါတယ်။
ခုလည်း ဒီလိုပဲမလား။ ကျနော်တို့မှာ ရွေးချယ်စရာတွေ နည်းလာနေပါတယ်။ ငယ်ငယ်တုန်းကလိုမျိုးပေါ့။ တခုခုသုံးဖို့ တခုခုကို ဝိတ်လျှော့လာရတယ်။ ချွေတာရတယ်။ တစ်ဦးကိုယ်တာကို နောက်တစ်ဦးနဲ့နောက်တစ်စုတစ်ဖွဲ့နဲ့ မျှရတယ်။ ခုဆို ကျနော် သောက်နေကြကော်ဖီစျေးတွေတက်လို့ အရင်လို စိတ်ရှိတိုင်းသောက်ဖို့ တွေးလာရတယ်။ လက်ဖက်ရည်ဆိုင်ကို ခဏခဏထိုင်ဖို့ ခုဆို စဥ်းစားရတယ်။ သုံးနေကျအာလုပ်ကျင်းဆေးရည် ဘူးကြီးက စျေး၂ဆမကတက်သွားလို့ တံဆိပ်ပြောင်းသုံးရင် ကောင်းမလား၊ ဘူးသေးပဲ ဝယ်သုံးရမလား၊ တနေ့တစ်ခါပဲ အဲ့ဆေးရည်သုံးပြီး အာလုပ်ကျင်းရတော့မလား စဥ်းစားရပါတယ်။ မနက်စာကို အရင်လို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အကျအနစားဖို့ နေ့တိုင်းမစားနိုင်တော့ပါဘူး။ မီးခိုးကြွက်လျှောက်စဥ်းစားကြည့်ရင် မနက်စာစားတဲ့အကြိမ်အရေအတွက်နည်းတာ လက်ဖက်ရည်ဆိုင်ကို ထိခိုက်တယ်။ အဲ့ဆိုင်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ထိခိုက်တယ်။ အဲ့ဆိုင်ကို ကုန်သွင်းတဲ့ ကုန်သည်တွေထိခိုက်တယ်။ အားလုံးပတ်ပတ်လည်း ထိခိုက်ကြတယ်မလား။
ရပ်ရွာထဲမှာလည်း ဒီလိုပဲ။ မီးပျက်လို့ ရေမလာ။ စိတ်ရှုပ်ရ။ ဆားအုန်းဆီတစ်ပိဿရဖို့ တန်းစီရ၊ ကားတွေ၊ ဆိုင်ကယ်တွေဆီဖြည့်ဖို့ ခေါင်ခိုက်တဲ့စျေးနဲ့တောင် လိုသလောက်မရ။ ကုန်စျေးနှုန်းတွေတက်ပြီး လုပ်အားခမတက်လို့ အလုပ် ၂ဆတိုးလုပ်ရသူတွေများ။ ရပ်ကွက်ထဲမှာ တစ်နိုင်တစ်ပိုင် မုန့်ဆိုင်လေးတွေများလာ။
အာဏာရှင်တွေက ကျနော်တို့ကို နိစ္စဒူဝကိစ္စလေးတွေနဲ့ အလုပ်ရှုပ်ခိုင်းထားတယ်။ ကောင်းပေ့ဆိုတဲ့အရာတွေအားလုံး သူတို့ပဲ ပိုင်ဆိုင်မယ်။ တကယ်လို့ကျနော်တို့မှာ ပိုက်ဆံရှိလည်း အရင်လို ရွေးစရာများများစားစားမရှိပါဘူး။ ခေတ်ကာလကပေးလာတဲ့အခြေအနေထဲကပဲ ကျနော်တို့အားလုံးရွေးချယ်ကြရတယ်။
ရွေးချယ်ခွင့်တွေနည်းလာတာ ကောင်းတဲ့ကိစ္စလုံးဝမဟုတ်ပါဘူး။ ဒါကို ငယ်ငယ်ကအချိန်ကာလတွေအရ၊ ၁၀နှစ်လောက်လွတ်လပ်မှုလေးမြည်းစမ်းခွင့်ရတဲ့အခြေအနေတွေအရ ကျနော်တို့ သိနေကြပြီမဟုတ်လား။ ရွေးချယ်ခွင့်နည်းလာတာ တနည်းအားဖြင့် ကျနော်တို့ကို တုံးအ ခိုင်းနေတာပါပဲ။ ရွေးစရာနည်းလာတော့ စဥ်းစားစရာသိပ်မလိုဘူးလေ။ နေ့စဥ်ဘဝကို အဆင်ပြေအောင် ကြည့်ကျက်ဖြေရှင်းဖို့ကြိုးစားရင်းအချိန်ကုန်နေရတော့ ကိုယ်စိတ်ကျန်းမာဖို့၊ စိတ်ပျော်ရာဝါသနာပါရာတွေလုပ်ဖို့ အခွင့်အရေးလည်းမရှိသလို အခြေအနေကိုကလည်း မပေးတော့ပါဘူး။
အာဏာရှင်ရှိသရွေ့ ဒီသံသရာလည်နေမှာပါပေါ့။ စိတ်ညစ်စရာတွေကြားမှာဆိုတော့ စိတ်ညစ်စရာတွေပဲ တွေးမိတယ် ထင်ပါတယ်။ အားလုံးကိုယ့်အတိုင်းအထွာ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်နေကြတယ်မလား။
အာဏာသိမ်းစက နေ့တိုင်း ဆိုခဲ့ကြအားယူခဲ့ကြသလို။
အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ... ဆိုတာလေ။
ရွေးချယ်စရာတွေ ပြန်ပြီး များပြားလာတဲ့အထိ။ လွတ်လပ်မှုနဲ့လုံခြုံမှုက အားလုံးအပေါ် ဆတူ လွှမ်းခြုံနိုင်တဲ့အထိ။ လူ့ဂုဏ်သိက္ခာနဲ့လူ့ရပိုင်ခွင့်တွေ ဘယ်တော့မှ ပြန်လွှတ်မကျတော့တဲ့အထိ၊ ဘယ်သူကမှ အဓမ္မလုယူခွင့်မရှိတော့တဲ့အထိ။
https://cartoonmovement.com/cartoon/rich-and-poor-relationship |